ဖလမ်း – ရိဒ်လမ်းပိုင်း ရာသီမရွေးသွားနိုင်သည့် လမ်းအဖြစ် အဆင်မြှင့်ဆောင်ရွက်မည်

ဖလမ်း – ရိဒ်လမ်းပိုင်း ရာသီမရွေးသွားနိုင်သည့် လမ်းအဖြစ် အဆင်မြှင့်ဆောင်ရွက်မည်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ – ရိဒ်ခေါဒါရ်မြိ့သို့ ဆက်သွယ်သည့် (၆၄) မိုင် (၂) ဖာလုံရှည်လျားသော ကားလမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်း (သို့) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် အမျိူးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ အမှတ် (၄) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ၏မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း မှ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

“၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်း (၂) မိုင် (၇) ဖာလုံခင်းခြင်း၊ ကျောက်လမ်း (၁) မိုင်ခင်းခြင်း၊ ကွန်ကရစ်လမ်း (၅) ဖာလုံခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာ (၁) မိုင် (၂) ဖာလုံခင်းခြင်း၊ သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း အစရှိတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းရံပုံငွေကျပ် (၁၅၉၇.၅၁၉) သန်းနဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းရံပုံငွေကျပ် (၂၆၅.၄၅၉) သန်း၊ စုစုပေါင်း (၁၈၆၂.၉၇၈) သန်းကို ထည့်သွင်းလျာထားတောင်းခံထားပြီးတော့ ရံပုံငွေရရှိမှုအပေါ်မူတည်ပြီး လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် ကျန်ရှိနေသေးတဲ့လမ်းပိုင်းတွေကိုလည်း ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ဖို့အတွက် နှစ်အလိုက် တင်ပြတောင်းခံပေးသွားမှာဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။

ဖလမ်း – ရိဒ် လမ်းသည် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလဆန်းပိုင်းအထိ လမ်း၏နောက်ဆုံးအခြေအနေမှာ ကတ္တရာလမ်းအဆင့် (၇) မိုင် (၃) ဖာလုံ၊ ကျောက်လမ်းအဆင့် (၅၅) မိုင် (၇) ဖာလုံနှင့် မြေသားလမ်းအဆင့် (၁) မိုင်တို့ဖြစ်သည်။

ဖလမ်း- ရိဒ်လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ရံပုံငွေ (၆၈၇.၅၁၄) သန်းဖြင့် ကွန်ကရစ်လမ်း (၁) ဖာလုံခင်းခြင်း၊ Guard-rail (၂) မိုင် (၃) ဖာလုံကာရံခြင်း၊ သံကူကွန်ကရစ်ရေထုတ်ပြွန် (၅) စင်းဆောက်လုပ်ခြင်း၊ သံကူကွန်ကရစ်ပိုက် ရေထုတ်ပြွန် (၃၄) လုံးပြုလုပ်ခြင်း၊ Short Wall နှင့်တွဲလျက် Precast Drain (၃၂၈) ပေအရှည်ပြုလုပ်ခြင်း၊ ကျောက်စီမြေထိန်းနံရံနှင့်တွဲလျက် သံကူကွန်ကရစ် ရေထုတ်ပြွန် (၁) စင်းပြုလုပ်ခြင်း၊ ရေမြောင်း (၂၄၇၃) ပေအရှည်တူးဖော်ခြင်း၊ ကျောက်စီမြေထိန်းနံရံ (၁၅၁) ပေတစ်ခုတည်ဆောက်ခြင်း၊ မိုးဒဏ်တောင်ပြိုမြေဖယ်ရှားခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒုဝန်ကြီး ဦးကျော်လင်းကပြန်လည်ဖြေကြားခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...