မြန်မာ့စီးပွားရေးဘဏ်မှ (SME) လုပ်ငန်းတစ်ခုလျှင် ငွေကျပ် သန်း ၅၀၀ ထုတ်ချေးမည်

မြန်မာ့စီးပွားရေးဘဏ်မှ (SME) လုပ်ငန်းတစ်ခုလျှင် ငွေကျပ် သန်း ၅၀၀ ထုတ်ချေးမည်
by -
မိုးမြင့်ဇော်

အသေးစားနှင့် အလတ်စား (SME) စီးပွားရေးလုပ်ငန်း တစ်ခုလျှင် ငွေကျပ် သန်း ၅၀၀ ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်သည် SME လုပ်ငန်းများအတွက် ပံပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူပြီး SME လုပ်ငန်းများအတွက် နှစ်ဆင့်ချေးငွေစီမံကိန်းကို စီမံခန့်ခွဲသူအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

SME သတ်မှတ်ချက်များနှင့်ညီညွတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်း ဝယ်ရေးလုပ်ငန်း၊ လက္ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသောလုပ်ငန်းများမှာ ချေးငွေရယူနိုင် မည်ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ အဖိုးတန်သတ္ထုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း၊ ဖြေဖျော်မှု တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ)၊ လက်နက် ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများကို ချေးငွေထုတ်ပေးမှုတွင် ပါဝင်မည် မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“SME ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် စျေးကွက်လိုတယ်။ နည်းပညာလိုတယ်။ ချေးငွေလိုတယ်။ အရည်အသွေး ထိန်းချုပ် မှုစနစ်တွေလိုတယ်။ နိုင်ငံတော်ကတော့ JICA နဲ့ ချေးငွေကိစ္စကိုလုပ်တာပေါ့။ နောက်စျေးကွက်လည်း ရှာရ ဦးမှာပေါ့။ နိုင်ငံတော်ကနေ ချေးငွေနဲ့ပတ်သက်တဲ့လိုအပ်ချက်ကို JICA Two-Step Loan နဲ့ ဖန်တီးပြီး စီစဉ်ပေးတာတော့ ကောင်းတာပေါ့။ ဒီထက်ပိုပြီးလုပ်ပေးနိုင်ဖို့ပဲ စဉ်းစားရမှာပေါ့” ဟု ကုန်သည်စက်မှု အသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်(၁)အတွက် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါ ယမဘဏ်တို့တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ချေးငွေများကို အသုံးပြုရာတွင် စက်ပစ္စည်းကိရိယာများဝယ်ယူခြင်းအတွက် ၈ဝရာခိုင်နှုန်း၊ လှည့်ပတ်ရင်းနှီးသုံး စွဲငွေအတွက် ၂ဝရာခိုင်နှုန်း ချေးသွားမည်ဖြစ်သည်။ ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈.၅ရာခိုင်နှုန်းဖြစ်ပြီး ၁နှစ်အထက်မှ ၅နှစ်အထိ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

JICA SME Two-Step Loan စီမံကိန်း အဆင့်(၂)အတွက် ချေးငွေ ဂျပန်ယန်း ၁၄၉၄၉သန်းချေးယူရန် ၂၀၁၈ခု နှစ်၊ဖေဖော်ဝါရီ ၂ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီး ချေးငွေစာချုပ်ကို ၂၀၁၈ မတ် ၂၉ရက် တွင်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်း ဂျပန်ယန်း ၃ဘီလီယံနှင့် ညီမျှသော မြန်မာကျပ်ငွေ ၃၆ဘီလီယံခန့်ကို ရွေး ချယ်ထားသည့် ဖော်ပြပါဘဏ်များမှတစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ (SMEs) များကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း ၁၁.၅ဘီလီယံ(မြန်မာငွေ ကျပ် ၁၅၁.၆၈၅ ဘီလီယံ)ခန့်ကို ချေးငွေ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...