အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR Chief of Mission မှ လာမယ့် စက်တင်ဘာ နှင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ချင်းဒုက္ခသည်များပြန်ပို့အရေး အင်တာဗျူးကိစ္စကို ရက်ရွေ့ဆိုင်းလိုက်ပြီး ချင်းပြည်နယ်သို့ သွားရောက်ပြီး အသေးစိတ်လေ့လာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
နယူးဒေလီရောက် ချင်းဒုက္ခသည်များဆိုင်ရာ ချင်းကော်မြူနီတီ ခေါင်းဆောင် ၆ ဦးနဲ့ UNHCR Chief of Mission တို့ သြဂုတ်လ ၂၄ ရက်နေ့၌ တွေ့ဆုံခဲ့ရာတွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု UNHCR နဲ့ သွားရောက်တွေ့ဆုံခဲ့သည့် Chin Refugee Committee (CRC) ဥက္ကဌ Remmawi က ပြောသည်။
“ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ အတော်လေး ဦးနှောက် ခြောက်ပါတယ်၊ ဘာဘဲဖြစ်ဖြစ် စက်တင်ဘာ နှင့် အောက်တိုဘာလမှာ လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ဒုက္ခသည်များ ပြန်ဖို့အရေး အင်တာဗျူးကိစ္စကိုတော့ ရွေးဆိုင်းလိုက်တယ်။ ချင်းဒုက္ခသည်များအရေးကိစ္စကိုလည်း Geneva ကို ပို့ပြီးပြီ ဒါကြောင့် မြန်မာနိုင်ငံကိုသွားရောက်ပြီး တာဝန်ရှိလူကြီးများနဲ့ တွေ့ဆုံမယ်၊ နောက်ပြီး ချင်းပြည်နယ်ကိုလည်း သွားရောက်ပြီးတော့ အသေးစိတ်သွားရောက်လေ့လာစစ်ဆေးသွားမယ်၊ ဒါကြောင့် ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာလမှာ သေချာနိုင်မယ်လို့ ” UN အကြီးအကဲက ပြောဆိုခဲ့ကြောင်း သူမကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းကော်မြူနီတီဘက်က တင်ပြထားသည့် အကြံပြုချက်များနှင့် ချင်းပြည်နယ်ကို သွားရောက်ပြီး လေ့လာစစ်ဆေးသွားမှာဖြစ်ကြောင်း UN ကိုယ်စားလှယ်နှင့်အတူ ချင်းကော်မြူနီတီကိုယ်စား တစ်ယောက်ထည့်ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း (CRC) ဥက္ကဌ က ပြောသည်။
“အင်တာဗျူးရက် ရွေ့ဆိုင်းပေးလိုက်တာဟာ ဝမ်းသာစရာသတင်းပါ။ အဓိကတော့ ကျမတို့ ပေးထားတဲ့ recommend (အကြံပြုချက်) တွေနဲ့ ယခုလက်ရှိ ချင်းပြည်နယ်အခြေအနေ ကိုက်မကိုက် သွားရောက် စစ်ဆေးမှာဖြစ်တယ်။ အဲဒီစစ်ဆေးချက်ရလဒ်အရ ကျမတို့ အခြေအနေကို ပြောပြသွားမှာပါ” ဟု သူမက ပြောသည်။
ယခုကဲ့သို့ UN ကိုယ်စားလှယ်များအနေဖြင့် ချင်းပြည်နယ်ကို သွားရောက်လေ့လာစစ်ဆေးကိစ္စနှင့် ပတ်သက်ပြီး ချင်းကော်မြူနီတီများ၏ လိုချင်တဲ့ပုံစံ အကောင်းဘက်ကို ဦးတည်လာမည်ဆိုပါက ယခုလက်ရှိရင်ဆိုင်နေရသည့် ပြဿနာ ပြီးဆုံးသွားနိုင်တယ်လို့ သုံးသပ်မိကြောင်း နှင့် ချင်းပြည်နယ်မှာရှိကြတဲ့ အကြီးအကဲ၊ ပြည်သူလူထုများအနေနဲ့ UN ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့အခါ ချင်းပြည်နယ်သည် အလွန်ကောင်းနေပြီဆိုတာမျိုး မပြောမိဖို့ အရေးကြီးကြောင်း CRC ဥက္ကဌက ယခုလို ဆက်ပြောပါသည်။
“ကျမတို့ လိုချင်တဲ့ပုံစံ၊ အကောင်းဘက်ကို ဦးတည်လာမယ်ဆိုရင် ဒီ ပြဿနာ ပြီးဆုံးသွားနိုင်တယ်၊ ဒါပေမယ့် ချင်းပြည်နယ်ရှိတဲ့ အကြီးအကဲ၊ ပြည်သူလူထုများက ချင်းပြည်နယ်ဟာ အကောင်းဘက်ကို ဦးတည်နေတယ်ဆိုတာမျိုး ချင်းပြည်နယ်ဟာ အတော် လေး ကောင်းမွန်နေပြီဆိုတာမျိုး ပြောဆိုဆွေးနွေးလာခဲ့ပါက ဒီပြဿနာ ပိုရှုပ်ထွေးလာနိုင်တယ်။ ဒါကြောင့် ချင်းပြည်နယ်မှာရှိကြတဲ့ လူထုအပေါ်မှာ အများကြီးမူတည်နေပါတယ်။” လို့ သူမက ပြောသည်။
UN ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံကို ဘယ်အချိန်သွားရောက်မည်ကို အတိအကျမသိရသော်လည်း ဒီနှစ်အတွင်း သွားရောက်ကြမည်ဟု သိရပြီး ချင်းကော်မြူနီတီများအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့တွင် အစည်းအဝေးထိုင်ပြီး မြန်မာနိုင်ငံကို သွားရောက်မည့် ကိုယ်စားလှယ်ကို ရွေးချယ်သွားမှာဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်စားလှယ်နာမည်စာရင်းကို စက်တင်ဘာလ ပထမအပတ်တွင် UN တာဝန်ရှိသူများထံ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။







