ကချင်ပြည်နယ် ပူတာအိုခရိုင် ဝေးလန် ခေါင်းပါးသော ကျေးလက်တောရွာများသို့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် သဘာဝ သံယံဇာတ အကြောင်း ပညာပေးဟောပြောခြင်းနှင့် အခမဲ့ ဆေးဝါးကုသပေးမှုကို ကချင်လူမှု အဖွဲ့အစည်းများမှ ဆယ်ရက်ကြာ ပြုလုပ်ခဲ့သည်။
ပူတာအိုမြို့နယ် အတွင်း အထက်ရှန်ခေါင်၊ အောက်ရှန်ခေါင်၊ လုံစွတ်ယန် နှင့် မချမ်းဘောမြို့နယ် နမ့်ခမ်း စသည့်ကျေးရွာများတွင် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ Kachin Backpack Team နှင့် ကချင်ပေါင်းစည်းပါတီမှ ကိုယ်စားလှယ်များ က သြဂုတ် (၉)ရက်မှ (၁၉)ရက်ထိ လှည့်လည်ပြုလုပ်ခဲ့သည်။
သံယံဇာတ အသိပညာပေးခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး “ပြည်သူတွေ ဘာမှ မသိသေးတဲ့ အချိန်မှာဘဲ ကုမ္ပဏီတွေ ဝင်ရောက်လာပြီး အားလုံး လုပ်ကိုင်စားကြမယ့် အခြေအနေ ဖြစ်နေတယ်။ ကိုယ့်ရဲ့ ဒေသနဲ့တွင်းထွက် ပစ္စည်းတွေကို စောင့်ရှောက်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်လို့ ရအောင်လို့” ဟု KDNG မှ ဦး Lum Hkawng (လွမ်းခေါင်)က ပြောပါသည်။
ဝေးလန်ခေါင်ပါးသည့် ကျေးရွာများရှိ ပြည်သူများသည် အသိပညာ ဖွံ့ဖြိုးမှုမှာ အလွန်အားနည်းနေကြောင်း နှင့် ၂၀၀၈ အခြေခံ ဥပဒေ ဖွဲ့စည်းပုံကို နားလည်မှု မရှိကြောင်း ဆိုပါသည်။
ယခုကဲ့သို့ အသိပညာပေးအစီစဉ်များကို အစိုးမှ တာဝန်ယူ ပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို လိုလားသူများအနေဖြင့် အစီစဉ်အား တားဆီး နှောက်ယှက်ခြင်း မပြုလုပ်သင့်ကြောင်း ငြိမ်းချမ်းရေး အကြောင်း သွားရောက်ရှင်းပြခဲ့သည့် ကချင်ပေါင်းစည်းပါတီများအဖွဲ့မှ ဦး Tu Raw (တူးရော်) ဆိုပါသည်။
ထို့အပြင် ကျေးရွာများတွင် ဆေးခန်းရှိသော်လည်း တာဝန်ကျ ကျန်းမာရေး ဝန်ထမ်း မလုံလောက်မှုအပြင်၊ ငွေရေးကြေးရေးအခက်အခဲများကြောင့် ဆေးကုသမှု စနစ်တကျ ခံယူသူ နည်းပါးကြောင်းကို ကချင်နယ်လှည့် ကျန်းမားရေး လုပ်သားအဖွဲ့မှ ဒေါ် Labang Nu San (လဘန်နူးဆန့်) ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။
“မြို့နဲ့ ဝေးတော့ ဆေးရုံက မြို့မှာပဲ ရှိတယ်လေ။ ကျေးရွာဘက်မှာက ကျန်းမာရေး ဆေးခန်းတော့ရှိတယ်။ ဆေးပေးခန်းမှာက ဆရာမ တစ်ယောက်ပဲ ရှိတယ်။ ဆရာမ မြို့ဖက်ကိုသွားတာများတယ်။ လူနာတွင် လာတဲ့ အချိန် ဆရာမ မရှိဘူးဆိုရင် လူနာတွင်က အိမ်မှာပဲ အောင့်ပြီးနေကြတယ်။ ဆေးခန်းတစ်ခါသွားရင် ပိုက်ဆံကလဲ အရမ်းကုန်တယ်။ တချို့က ပိုက်ဆံ အခက်အခဲ ရှိတယ်လေ။ ကျမတို့ ရောက်လာပြီးတော့ အခမဲ့ သွားရောက်ကုသပေးတော့ အချိန်ကြာ ကျန်းမာရေး မကောင်း ဖြစ်နေတဲ့ သူတွေ ကိုလည်း အများကြီး တွေ့တယ်။”
ယခုခရီးစဉ်ကို ပူတာအိုခရိုင် အာဏာပိုင်များ ဟန့်တားမှု မရှိသော်လည်း မချမ်းဘောမြို့နယ်အတွင်း ရဲ နှင့် ဦး အတန် ဦးဆောင်သော ရဝမ် ပြည်သူ့ စစ်အဖွဲ့ တို့ လာရောက်မေးမြန်းခြင်းများ ရှိကြောင်း ဆိုပါသည်။







