မလေးရှားနိုင်ငံမှ ပြန်လာသည့် ချင်းဒုက္ခသည် ၂ ဦး တရားစွဲဆိုခံထားရ

မလေးရှားနိုင်ငံမှ ပြန်လာသည့် ချင်းဒုက္ခသည် ၂ ဦး တရားစွဲဆိုခံထားရ
 (ဓာတ်ပုံ - The Star.com )
(ဓာတ်ပုံ - The Star.com )

မလေးရှားနှင့် အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဆုံးဖြတ်ချက်ကြောင့် စိုးရိမ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသည့် ချင်းဒုက္ခသည် ၂ ဦးသည် ပြီးခဲ့သည့် ဇွန်လ ဆန်းပိုင်းက ဖမ်းဆီးတရားစွဲဆိုခံနေရကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် နေထိုင်သူ အသက်(၂၈)နှစ်အရွယ် ဆလိုင်းဗန်ကျဲအိုထောင်းနှင့် မင်းတပ်မြို့နေ မိုင် အွမ်လှူးတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မလေးရှားမြို့မှ ပြန်လာသည့်အချိန်တွင် ရန်ကုန်လေဆိပ်၌ လဝက အက်ဥပဒေပုဒ်ဖြင့် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဟု ဆလိုင်းဗန်ကျဲအိုထောင်း၏ ဖခင်ကပြောသည်။

“ သူတို့ UN ကဒ် သက်တမ်းကုန်ပြီး တတိယနိုင်ငံကိုလည်း သွားလို့ရတော့မှာမဟုတ်ဘူးဆိုပြီး အဖမ်းခံမှာကြောက်ပြီး တော့ မြန်မာနိုင်ငံကိုပြန်ချင်တယ်ဆိုပြီး ပြန်လာတာ ဖြစ်ချင်တော့ သူတို့ကို Passport လုပ်ပေးတဲ့သူက အတုလုပ်ပေး လိုက်တော့ အဖမ်းခံရတာ’’ ဟု ၎င်း၏ ဖခင်ကပြောသည်။

ဆလိုင်းဗန်ကျဲအိုထောင်းသည် မလေးရှားသို့ သွားရောက်သည့်အချိန်တွင် အောက်လမ်းဖြင့်(Passport နဲ့မဟုတ်) သွားရောက်ခြင်းဖြစ်ပြီး UNHCR ၏ ဆုံးဖြတ်ချက်ကြောင့် စိုးရိမ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် Passport လိုအပ်သည့်အတွက် မလေးရှားတွင်နေထိုင်သည့် ပွဲစား ငယ်ငယ်မှ Passport လုပ်ပေးခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပွဲစားမှ ပြုလုပ်ပေးသည့် Passport မှာ အတုဖြစ်နေသည့်အတွက် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည် ဟု ဖခင်ဖြစ်သူကဆက်ပြောသည်။

“ပွဲစားကနေ လိမ်လည်ပြီးလုပ်သွားတာ…ကျနော်တို့က မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းတွေကို Viber ကနေ အားလုံးပို့ ပေးတယ် သံရုံးမှာလည်သွားပြီးတော့ လက်ဖွေတွေမနှိပ်ခိုင်းဘူး သံရုံးမှာ အခွန်အကောက်တွေလည်း ဘာမှမသွင်းဘူး ဒီတိုင်းပဲလွှတ်လိုက်တာ Passport အတုနဲ့’’ ဆလိုင်းဗန်ကျဲအိုထောင်း ဖခင်ကပြောသည်။

ယခုလက်ရှိတွင် ၎င်းတို့ ၂ ဦးကို လဝက အက်ဥပဒေပုဒ်မ ၁၃(၁) နှင့် လိမ်လည်မှု (ပုဒ်မ ၄၂၀) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထားရှိသည်ဟု သိရသည်။

ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦး ငိုင်ဆာခ့်က “စွဲဆိုထားသော ပြစ်မှုမှာ အာမခံမပေးနိင်သောပြစ်မုှုများဖြစ်သဖြင့် ယခုအခါအချုပ်ဖြင့်ထုချေနေရပါသည်။ အဆိုပါနှစ်မှုစလုံးကိုဉပဒေဘောင်အတွင်းမှ အမှုလိုက်ပါဆောင်ရွက်ပေးသော်လည်းပြန်လာသူများအား အလားတူအမှုမျိုးဖြင့်ထပ်မံအရေးယူမည်ကို စိုးရိမ်ပူပန်ရပါ သည်’’ ဟု ပြောပါသည်။

ထို့အပြင် ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ UNHCR အနေဖြင့် ပြန်လည်သုံးသပ်ခြင်းမရှိပါက မလေးရှားနှင့် အိန္ဒိယနိုင်ငံရောက်ရှိနေကြသည့် ဒုက္ခသည်များသည် မြန်မာနိုင်ငံပြန်ရောက်လျင် ဥပဒေအရ အရေးယူခံရပြီး ထောင်ဒဏ်ကျခံရဖွယ်ရှိ နေသည်ဟု ဦးငိုင်ဆာခ့်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားပါသည်။

၁၉၈၈-၂၀၁၀ ခုနှစ်ကာလများအတွင်း အာဏာပိုင်များ၏ဖိနှိပ်ချုပ်ခြယ်ကန့်သတ်မှု၊ မတရားစွတ်စွဲခံရပြီး အသက်ဘေးခြိမ်းခြောက်ခံရမှု၊ ပေါ်တာဆွဲခံရပြီး အတင်းအကြပ်အလုပ်စေခိုင်းခံရမှု နှင့်အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကြပ်တည်းမှုတို့ကြောင့် ချင်းတိုင်းရင်းသားလူငယ်လူရွယ်များသည် အိမ်နီးချင်းနိင်ငံများသို့ နည်းလမ်း မျိုးစုံဖြင့်တိမ်းရှောင်နေထိုင်ခိုလှုံခဲ့ကြရသည်။ UNHCR အနေဖြင့်လည်း ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပေးပြီး တတိယ နိုင်ငံများသို့ ပြန်လည်အခြေချနေထိုင်ခွင့်ပြုခဲ့သည်။

သို့သော်လည်း UNHCR က ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေး နှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာသည်ဟု ဆိုကာ မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပေးတော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

UNHCR ၏ ဆုံးဖြတ်ချက်အရ ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း ၂ ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နဲ့ တွေ့ဆုံမေးမြန်းခြင်းခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။ ယင်းအကြောင်းပြန်ကြားချက်ပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကိုထွက်ခွါ ဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည် ဟုသိရသည်။ 

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...