လွယ်ဂျယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့က ‘မဟားတရား’ မြေသိမ်းထားဟု ပြောဆိုမှုအပေါ် ကန့်ကွက်

လွယ်ဂျယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့က ‘မဟားတရား’ မြေသိမ်းထားဟု ပြောဆိုမှုအပေါ် ကန့်ကွက်
by -
မင်းမင်း
ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့က ‘မဟားတရား’ မြေသိမ်းထားကြောင်း လွှတ်တော်အမတ်တစ်ဦး၏ ဆွေးနွေးချက်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်သည့်ဖြစ်စဉ် ဩဂုတ်လ ၁၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းက ၎င်း၏ မဲဆန္ဒနယ် လွယ်ဂျယ်မြို့တွင် မူလပိုင်ရှင်များ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် ကြံခင်းများကို မြေလွတ်မြေရိုင်း အမည်တပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့က ‘မဟားတရား’ သိမ်းဆည်းကာ တဆင့် ပြန်ရောင်းထားကြောင်း လွှတ်တော်တွင် ထည့်သွင်း ပြောဆိုခဲ့သည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁ရခုနှစ်)နှင့်စပ်လျဉ်း၍ ဒေါက်တာခွန်ဝင်းသောင်း၏ အထက်ပါ ဆွေးနွေးချက်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ သုံးတဲ့ အသုံးအနှုန်း၊ သုံးတဲ့ စကားရပ်တွေဟာ ခိုင်ခိုင်မာမာ၊ တိတိကျကျနဲ့ ပြောလို့ရတဲ့ဟာတွေ ဖြစ်ဖို့ လိုပါတယ်။ ကျန်တဲ့ တခြား ခိုင်မာမှု မရှိတဲ့ စကားလုံးတွေကို လာသုံးလို့ ရှိရင် လွှတ်တော်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်နိုင်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာ သုံးသွားတဲ့ အသုံးအနှုန်းကို မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ ထပြီး ကန့်ကွက်တာ” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်အစည်အဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကလည်း ဒေါက်တာခွန်ဝင်းသောင်း၏ ဆွေးနွေးချက်ပါ ‘မဟားတရား’ ဆိုသည့် စကားလုံးကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းကမူ ၎င်းအနေဖြင့် တပ်မတော်ကို ပုတ်ခတ်လိုစိတ်ဖြင့် ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ ရှောင်လွဲ၍ မရသောကြောင့် ထိုအသုံးအနှုန်းကို သုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်မှုအပေါ်ကိုလည်း ဘယ်လိုမှ သဘောမထားဘဲ ၎င်း၏ အခွင့်အရေးအရ လုပ်ဆောင်သည်ဟု ရှုမြင်ကြောင်း ပြောဆိုသည်။

“ကျနော် ဆိုလိုတာက အဲ့ဒီဒေသမှာ သူတို့လုပ်ခဲ့တဲ့ အချိန်မှာ ဥပဒေနဲ့ မညီဘူး။ အဲ့ဒီကာလမှာပေါ့နော်။ လုပ်လို့ရတဲ့ကာလ လုပ်ခဲ့တာကို ဆိုလိုတာပါ။ မဟားတရားဆိုတာကတော့ ပြန်ကြည့်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အလျင်စလိုတို့၊ အလောတကြီးတို့၊ ဘောဘတကြီးတို့ အဲ့သဘောပါ” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

ဒေါက်တာခွန်ဝင်းသောင်း၏ ပြောဆိုချက်အရ တရုတ်- မြန်မာ နယ်စပ်အနီး လွယ်ဂျယ်မြို့နယ်အတွင်းရှိ မြေ လေးဧကခန့်ကို စစ်မှုထမ်းဟောင်းအဖွဲ့က ၂၀၁၃-၁၄ဝန်းကျင်က ဥပဒေနှင့်မညီဘဲ သိိမ်းယူခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် လက်ရှိ ပေါက်ဈေးမှာ ပေ ၆၀×၈၀ မြေတကွက်လျှင် သိန်းထောင်ချီတန်နေပြီဖြစ်သည်ဟု သိရသည်။

ဩဂုတ် ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်လည်း တပ်မတော်အစိုးရ အုပ်ချုပ်ရေးကာလဖြစ်သော ၁၉၈၈ခုနှစ် နှောင်းပိုင်းကာလကို ‘ပညာရေးအမှောင်ခေတ်’ ဟု သုံးနှုန်းခဲ့သည့် အာဏာရပါတီမှ လွှတ်တော်အမတ်၏ ဆွေးနွေးချက်ကို အတိုက်အခံအမတ်တစ်ဦးက ကန့်ကွက်ခဲ့သေးသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...