ခေတ်အဆက်ဆက် အာဏာရ အစိုးရများက ပြည်နယ်များကို လျစ်လျူရှုထားသည်ဟု ဝေဖန်သည့် ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော် အမတ်တစ်ဦးကို ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေးအပြီးတွင် သတိပေးခဲ့သည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၀.၅ သန်း ချေးယူရန်ကိစ္စနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၃ ရက်က ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်အမတ် ဦးကျော်ကျော်၏ ဆွေးနွေးမှုအပေါ် လွှတ်တော်နာယကက သတိပေးခဲ့ခြင်း ဖြစ်သည်။
ချေးငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းအများစုသည် တိုင်းဒေသကြီး ၆ ခုဖြစ်သည့် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့တွင်သာ ဆောင်ရွက်နေပြီး ပြည်နယ်များတွင် အကောင်အထည် ဖော်မှုမရှိသလောက် နည်းပါးနေကြောင်းကို ဦးကျော်ကျော်က “ပြည်နယ်တွေအတွက် သိပ်ကိုနည်းပါတယ်။ မရှိသလောက်ပါပဲ။ ဒါဟာ ဘာကြောင့်လဲ၊ ဘာသဘောလဲဆိုတာကို ရှင်းလင်းဖို့ လို အပ်လာပြီဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောဆိုသည်။
အထက်ပါ အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးယူမည့် စိုက်ပျိုးရေးစီမံကိန်းမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ရနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အကျိုးရလဒ်ကို တိုင်းဒေသကြီး ၃ ခုဖြစ်သော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့က ခံစားကြရမည် ဖြစ်သည်။
စိုက်ပျိုးရေးကို အခြေခံသည့် ရခိုင်ပြည်နယ်တွင်မူ မိုးစပါးတစ်ခုထဲသာ စိုက်ပျိုးနိုင်ပြီး သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသတလျှောက်တွင် ပင်လယ်နှင့်ထိစပ်နေသည့်အတွက် ရေငံတားတာတမံများ၊ ရေမြောင်း၊ တူးမြောင်း၊ ရေလှောင်တမံများ လိုအပ်နေကြောင်း၊ သို့မှသာ သီးထပ်၊ သီးညှပ်နှင့် နွေးစပါး စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ လိုအပ်ချက်များကို ဖြည့်စွက်ပေးရန် အစိုးရတွင် တာဝန်အပြည့်အဝရှိနေကြောင်း ဦးကျော်ကျော်က ထည့်သွင်းဆွေးနွေးသည်။
“ခေတ်အဆက်ဆက် အာဏာရအစိုးရတွေက နှစ်ခြောက်ဆယ်ကျော် လစ်လျူရှုခဲ့တဲ့ အဆင်းရဲဆုံး ပြည်နယ် ဘဝ ကျရောက်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာသွားနေကြရပါတယ်။ အဲ့ဒီတော့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတော်ချေးငွေတွေနဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးဖို့ ဘယ်တော့အလှည့်ကျလာမှာလဲ။ ဒီအတိုင်းပဲ လစ်လျူရှုတော့လား” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် “ကြွေးတင်ရင် ဘုရင်ဆပ်” ဆိုသည့် စကားရှိသော်လည်း လက်တွေ့တွင် ပြည်ပကြွေးမြီများကို ပြည်သူ့ဘဏ္ဍာငွေဖြင့် ပေးဆပ်နေရခြင်းကြောင့် ပေးဆပ်ရမည့် ပြည်သူ့ဘဏ္ဍာငွေထဲတွင် ရခိုင်ပြည်နယ်မှ ရရှိသည့် အကောက်အခွန်များ၊ ရခိုင်ပြည်နယ်က ထွက်ရှိသည့် သယံဇာတများလည်း များစွာပါဝင်နေသည်ကို သတိပြုကြရန် ဦးကျော်ကျော်က ပြောဆိုခဲ့သည်။
ဦးကျော်ကျော်က “ကျွန်တော်တို့ဟာ ပေးဆပ်နေသူများသာဖြစ်ပြီး အခွင့်အရေးခံစားနေမှု ရနေသူများ မဟုတ်ပါကြောင်း” ဟူ၍ ဆက်လက်ဆွေးနွေးစဉ် ဆွေးနွေးမှုကို နိဂုံးချုပ်ရန် လွှတ်တော်နာယက၊ ဦးတီခွန်မြတ် က သတိပေးခဲ့သည်။
ထို့နောက် ထပ်မံကျန်ရှိသည့် လွှတ်တော်အမတ် ၁၀ ဦးကို ဆက်လက်ဆွေးနွေးခွင့်ပြုခဲ့ပြီးနောက် အစည်းအဝေး အပြီးတွင် ဦးတီခွန်မြတ်က ဦးကျော်ကျော်၏ ဆွေးနွေးချက်များသည် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ၊ ၆၃(စ)ဖြင့် ညှိစွန်းနေကြောင်း အောက်ပါအတိုင်း ပြောဆိုသည်။
“မိမိရဲ့ ပြောဆိုချက်များဟာ ဆွေးနွေးဆဲအဆိုနဲ့သာ အဓိက အတိအကျ သက်ဆိုင်ရမှာ ဖြစ််ပါတယ်။ နောင်တွင် ဂရုပြုဖို့ သတိပေးလိုပါတယ်။ မိမိတို့ရရှိတဲ့ အခွင့်အရေးဟာ မညီမမျှ ဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်မှာ သီးခြားမေးခွန်းများ မေးမြန်းခြင်း၊ ဒါမှမဟုတ် အဆိုတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။
ဦးကျော်ကျော်ကမူ ၎င်းအနေဖြင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည့်အတွက် မိမိတို့ ပြည်နယ်အတွက် နစ်နာချက်ကို လွှတ်တော်တွင် တင်ပြခြင်းသည် ဥပဒေနှင့်ညှိစွန်းမှုမရှိကြောင်း လွှတ်တော်အစည်းအဝေးအပြီး တွင် သတင်းထောက်များကို ပြောသည်။
“ပြောသင့်တာကို လွှတ်တော်မှာ မပြောရင် ဘယ်မှာ သွားပြောမလဲ။ ပြည်နယ်အတွက် နစ်နာတာကို လွှတ်တော်မှာ ပြောတာကို ဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာက သဘာဝတော့ မကျဘူး။ တစ်ကယ်လို့ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုရင် သူ ပြောတဲ့ဥပဒေဟာ လွဲနေပြီ။ ဒါပဲ ကျွန်တော် ပြောချင်တယ်” ဟု ဦးကျော်ကျော်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၀.၅ သန်း ချေးယူရန်ကိစ္စအပေါ် ဩဂုတ်လ ၁၅ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး၊ ဆုံးဖြတ်မည်ဟု နာယက ဦးတီခွန်မြတ်က ကြေငြာထားသည်။
“အဲ့ဒီ ချေးငွေကို ဆပ်မယ့်အခါ ကျွန်တော်တို့ ပြည်နယ်ကရတဲ့ အခွန်ကောက်တယ်။ သယံဇာတ ရောင်းလို့ရတဲ့ ငွေ၊ အဲ့ဒီ ဆပ်တဲ့အထဲမှာ ပါတယ်။ ခံစားခွင့်တော့ ကျွန်တော်တို့ ခံစားခွင့် မရှိဘူး။ တနည်းအားဖြင့် ကျွန်တော်တို့က ပေးဆပ်နေတဲ့သူတွေပဲ ဖြစ်နေတယ်။ ဖွ့ံဖြိုးတိုးတက်ရေးကို ရယူခံစားနေတဲ့ လူတွေ မဟုတ်ဘူး။ ဒါကို လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ နာယကကြီးအပါအဝင် အကုန်လုံး သိထားဖို့လိုတယ်” ဟု ဦးကျော်ကျော်က သတင်းထောက်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုသည်။







