ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည်ကို အကြောင်းပြပြီး ဥပဒေချိုးဖောက်၍မရဟု တပ်ချုပ်သတိပေး

ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည်ကို အကြောင်းပြပြီး ဥပဒေချိုးဖောက်၍မရဟု တပ်ချုပ်သတိပေး
by -
ဇေယျာမော်

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည်ဟု အကြောင်းပြပြီး ဥပဒေကို ချိုးဖောက်၍ မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အရာရှိကြီးများ ကို သတိပေးပြောဆိုလိုက်သည်။
 

ယမန်နေ့ သြဂုတ်လ ၉ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ တပ်မတော် အုပ်ချုပ်မှုကျောင်းတွင် ဥပဒေဒီပလိုမာ ၆ လကြာ သင်တန်း တက်ရောက်နေသည့် ဗိုလ်မှူးချုပ် နှင့် ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး ၂၁ ဦး နှင့် တွေ့ဆုံရာတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 “ယနေ့ခေတ်သည် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကိုလျှောက်လှမ်းလျက်ရှိသဖြင့် မိမိတို့တပ်မတော် အနေဖြင့် ဥပဒေကိုအလေးထားဆောင်ရွက်ရန်ပိုမိုအရေးကြီးကြောင်း၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေများကို လိုက်နာရန်နှင့်သိရှိနားလည်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် ဥပဒေလိုက်နာမှုမရှိသည့် အရာရှိ စစ်သည်များအားလည်း စိစစ်အရေးယူမှုများ ဆောင်ရွက်နေပြီး တပ်မတော်သားများအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများနှင့် ပတ်သက်သည့် ဂျီနီဗာ ကွန်ဗင်းရှင်းကိုလည်း လိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ယင်းအပြင် တပ်မတော်သည် လက်နက်ကိုင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ လက်နက်များအား တိုင်းပြည်ကာကွယ်ရန် ယုံကြည်စိတ်ချစွာဖြင့်ပေးအပ်ထားခြင်းကြောင့် ဥပဒေနှင့်အညီ ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုခဲ့သည်။

 တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတကာအသိုင်းအဝန်းမှ ပြောဆိုမှုများရှိနေခဲ့သည်။ သို့သော်လည်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာ လူသတ်မှုများတွင် ပါဝင်သည့် တပ်မတော်သားများကိုမူ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ထားသည်။

 ယင်းအပြင် တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည့် TNLA အဖွဲ့မှ စစ်သမီး ၆ ဦးသည် တိုက်ပွဲအတွင်း သုံ့ပန်းအဖြစ် အဖမ်းခံရပြီးနောက် အုပ်စုလိုက် မုဒိမ်းကျင့်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရခြင်း ကြုံတွေ့ခဲ့သည်ဟု TNLA ဘက်မှ ပြောဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ တစ်စုံတရာ သတင်းထုတ်ပြန်ထားခြင်းမရှိပေ။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...