ပေါင်းစည်းထားသည့် မွန်ပါတီ ၂ ခု နှင့် ပြင်ပနိုင်ငံရေးအင်အားစုတစ်စု ပေါင်းစည်းရန် သဘောတူ ညီမှုရထားပြီဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။
“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) ပေါင်းဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်တို့က All Inclusive ဖြစ်စေချင်တယ်။ မွန်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေအားလုံးပါစေ ချင်တာ။ ဒါကြောင့် ပြင်ပနိုင်ငံရေးအင်အားစုတွေအားလုံးနဲ့ ညှိနှိုင်းမယ်။ အခု သဘောတူထားတာက ပြင်ပနိုင်ငံရေး အင်အားစုတစ်ခုနဲ့ ကျွန်တော်တို့ နှစ်ပါတီနဲ့ အဆင်ပြေသွားပြီ” ဟု နိုင်စံတင်က ပြောသည်။
သြဂုတ်လ ၆ ရက်က ပူးပေါင်းရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး မွန်ဒေသတွင်ရှိသော အခြားသော ပါတီနှင့် နိုင်ငံရေးအင်အားစုများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် ဖိတ်ခေါ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မွန် ၂ ပါတီ မပေါင်းစည်းခင်က အချို့သည် ပြင်ပနိုင်ငံရေးအင်အားစုတစ်စုအနေဖြင့် ခွဲထွက်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
“မွန်တစ်ပါတီတည်းဖြစ်လာရင် နိုင်ရေးပြဿနာတွေ နိုင်ငံရေးရည်မှန်းချက်တွေ တစ်စုတည်းသွားရင် လာမယ် ရွေးကောက်ပွဲတွေမှာ ထူးခြားတဲ့ရလဒ်တွေ ရရှိမယ်လို့ မျော်လင့်ထားပါတယ်” ဟု မွန်အမျိုးသားပါတီ အထွေ ထွေ အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။
မွန်ဒေသအတွင်းရှိ ပါတီ၊ နိုင်ငံရေးအင်အားစုများကို ပူးပေါင်းညှိနှိုင်းဆွေးနွေးကာ လာမည့်ရွေးကောက်ပွဲများ တွင် လက်ရှိထက် အနိုင်ရမဲဆန္ဒနယ်များပြီး အမတ်လောင်းများ ပိုမိုပေါ်ထွက်လာရန် ရည်ရွယ်ကာ မွန်ပြည်သူ များ၏ လိုအပ်ချက်များကိုလည်း တစုတစည်းတည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။







