တပ်မတော်နှင့် ကေအိုင်အို တွေ့ဆုံမှုတွင် သတင်းမထုတ်ပြန်ရန် တပ်ဘက်မှ တောင်းဆိုထား

တပ်မတော်နှင့် ကေအိုင်အို တွေ့ဆုံမှုတွင် သတင်းမထုတ်ပြန်ရန် တပ်ဘက်မှ တောင်းဆိုထား
by -
ဇေယျာမော်
(ဓာတ်ပုံ - AFP)
(ဓာတ်ပုံ - AFP)

တပ်မတော်နှင့် ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်များသည် သြဂုတ်လ ၅ ရက်နေ့က တရုတ်နိုင်ငံ တာလီမြို့၌ တွေ့ဆုံခဲ့ပြီးနောက် မည်သည့်ကိစ္စဖြစ်စေ သတင်းထုတ်ပြန်ခြင်းမပြုရန် တပ်မတော်ဘက်မှ တောင်းဆိုထား သည်ဟု ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က မဇ္စျိမသို့ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် အတည်ပြု ပြောဆိုထားသည်။

“ဒီတစ်ခေါက် တွေ့တာကတော့ ဘာမှမဆွေးနွေးဖြစ်ကြဘူး။ အကြမ်းအားဖြင့် နောက်မှပြန်တွေ့ရအောင်ဆိုတဲ့ သဘောမျိုးဖြစ်သွားတာပေါ့လေ။ ဒါပေမယ့် သတင်းတွေ မထုတ်ဘဲ နေရအောင်ဆိုပြီး သူတို့ဘက်က တောင်းဆိုတော့ ကျွန်တော်တို့ဘက်က ပြောရတာ နည်းနည်းခက်နေတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲကို တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်ခဲ့ပြီး ကေအိုင်အိုဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်တို့ တက်ရောက်ခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့စဉ်းစားနေပါတယ်။ တစ်ရက်၊ နှစ်ရက် လောက်တော့ စောင့်ပါဦး” ဟု ဗိုလ်ချုပ်ဂွန်မော်က တွေ့ဆုံဆွေးနွေးမှုအခြေအနေအား သတင်းထုတ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆိုသည်။

ကေအိုင်အို/ကေအိုင်အေအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )အား လက်မှတ် ရေးထိုးခြင်း မရှိသည့် အဖွဲ့ဖြစ်ပြီး ကချင်နှင့် ရှမ်းမြောက်ဒေသများတွင် တပ်မတော်နှင့် မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည့် အဖွဲ့ဖြစ်သည်။

ယင်းသို့ တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တွေ့ဆုံဆွေးနွေးမှုသည် ယခုနှစ်အတွင်း ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း၌လည်း တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ ဒေသတည်ငြိမ်ရေး ၊ တိုက်ပွဲလျော့ချရေး ၊ ပင်လုံကတိကဝတ်နှင့့်အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေး စသည့်တို့အား အလေးထား ဆွေးနွေးခဲ့သည်ဟု ကေအိုင်အိုဘက်မှ သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း ဆွေးနွေးပွဲ၌ သဘောတူညီချက်ရရှိခဲ့ခြင်းမရှိဘဲ တပ်မတော်နှင့်ကေအိုင်အေ/ေကေအိုင်အိုတို့အကြား တိုက်ပွဲများသည် ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြား အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းနောက် ဇူလိုင်လအတွင်း၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံအစည်းအဝေးသို့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလို ဆွေးနွေးပွဲ လမ်းစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းအပြင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ကေအိုင်အိုဥက္ကဋ္ဌ နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သေးသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ကေအိုင်အိုအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ဒေသအခြေအနေတည်ငြိမ်နေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...