ကွယ်လွန်သူ ဆရာနိုင်ဖေသိန်းဇြာ ကြွင်းကျန်ရုပ်ကလာပ်ကို စနေနေ့တွင် မီးသဂြိုလ်မည်

ကွယ်လွန်သူ ဆရာနိုင်ဖေသိန်းဇြာ ကြွင်းကျန်ရုပ်ကလာပ်ကို စနေနေ့တွင် မီးသဂြိုလ်မည်
AMA ဂုဏ်ထူးဆောင်နာယက ဆရာနိုင်ဖေသိန်းဇြာ(photo/Facebook)
AMA ဂုဏ်ထူးဆောင်နာယက ဆရာနိုင်ဖေသိန်းဇြာ(photo/Facebook)

သြစတေးလျနိုင်ငံ ကင်ဘာရာမြို့နေအိမ်၌ ဇူလိုင်လ ၃၀ ရက်နေ့က နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သော သြစတေးလျနိုင်ငံမွန်အသင်း Australia Mon Association-AMA ဂုဏ်ထူးဆောင်နာယက ဆရာနိုင်ဖေသိန်းဇြာ(အသက် ၇၆ နှစ်)၏ ကြွင်းကျန်ရုပ်ကလာပ်ကို လာမည့်စနေနေ့ သြဂုတ်လ ၄ ရက်၊ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအချိန်တွင် Norwood Park Crematorium, Cemerery, Mitshell, ACT 2911 ၌ မီးသဂြုႋလ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုနောက် ကွယ်လွန်သူ ဆရာနိုင်ဖေသိန်းဇြာအား ရည်စူး၍ ဗုဒ္ဓဘာသာ မွန်ဓလေ့ထုံးဓမ်းနှင့်အညီ ဆွမ်းကျွေးအလှူဒါနပြုအမျှဝေခြင်း အခမ်းအနားကို သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအချိန်ထိ Buddhist Society of ACT, 245 Goyder St, Narrabundah, ACT 2603 ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း AMA က ထုတ်ပြန်သည်။

ဆရာနိုင်ဖေသိန်းဇြာသည် “တလိုင်းဝေါဟာရ သုတေသနစာတမ်း”၊  “ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမား တို့မွန်ကျောင်းသား"The King of Kings” နှင့် “Banya Lagon Aim” စသည့် စာအုပ်တို့ကို ရေးသားပြုစုထုတ်ဝေခဲ့သူ သမိုင်းနှင့် စာပေပညာရှင်အပြင် ဖက်ဒရယ်အရေးလှုပ်ရှားသူ၊ နိုင်ငံရေးသမားအဖြစ် မွန်တိုင်းရင်းသားများလေးစားသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ကိုယ်ရေးအကျဉ်း

နိုင်ဖေသိန်းဇြာကို အဖနိုင်မောင်မောင်၊ မိခင် မိချစ်တင်တို့မှ မုဒုုံမြို့နယ် ကမာဝက်မြို့(ယခင်ကရွာ)၌ ၁၉၄၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။

မော်လမြိုင်ကောလိပ်၌ ဥပစာသိပ္ပံ (Intermediate Science) တန်းကို ၁၉၆၂ ခုနှစ်တွင်အောင်မြင်ခဲ့ပြီး ၁၉၆၃ တွင် ဘွဲ့ကြိုတန်းကို ဆက်လက်တက်ရောက်ခဲ့သည်။

မော်လမြိုင်ကောလိပ်မွန်ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင်၊ မော်လမြိုင်ကောလိပ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ ၁၉၆၁ ခု နှစ်ကုန်ပိုင်းတွင် မော်လမြိုင်ခရိုင် မွန်ကျောင်းသားများသမဂ္ဂ ဥက္ကဌ၊ ၁၉၆၂ ခုနှစ်တွင် မော်လမြိုင်ကောလိပ် မွန်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဒီဇင်ဘာလတွင် မော်လမြိုင်အကျဉ်းထောင်၌ ၇ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်။

ထောင်မှလွတ်မြောက်လာပြီးနောက် ၁၉၇၃ ခုနှစ်တွင် အထက်တန်းရှေ့နေ (HGP) ဖြေဆိုအောင်မြင်၍ ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူဖြင့် BA (သမိုင်းဘာသာ) ဘွဲ့ရရှိခဲ့ပြီး မွန်ပြည်နယ်အတွင်း ရှေ့နေနှင့် ကျောင်းဆရာဘဝများတွင် ကျင်လည်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ပငရွာမှ နိုင်တင်အောင်(လက်ရှိ MNP ဥက္ကဌ) ဦးဆောင်သော မွန်ကျောင်းသား ၂၅ ဦးနှင့်အတူ နိုင်ဖေသိန်းဇြာ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဗဟိုဌာနချုပ်သို့ ရောက်ရှိလာပြီးနောက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုစည်းရုံးရေးဌာနရုံးအုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၉၀ ခုနှစ်တွင် KNU ဗဟိုဌာနချုပ် မာနာပလော၌ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF တွင် တာဝန်ထမ်းဆောင်ရင်း ဖက်ဒရယ်တက္ကသိုလ် (မာနာပလော) ကျောင်းအုပ်ကြီး ဖြစ်လာသည်။

၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်သဘောတူညီမှုရယူခဲ့ပြီးနောက် ဒုက္ခသည်အဖြစ်ခံယူပြီး ၁၉၉၆ ခုနှစ် နိုဝင်ဘာလတွင် သြစတေးလျနိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးသည်၊ သမီးတစ်ဦးနှင့် မြေးယောက်ျားလေးတစ်ဦး ကျန်ရစ်သည်။

 

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...