ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

ဒဏ်ကြေး သိန်း ၂၀၀၀ အထိချမှတ်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
by -
အောင်မြတ်သူ

စားသုံးသူများကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဒဏ်ကြေး သိန်း ၂၀၀၀ အထိပါ ပါဝင်သော အသစ်ပြန်လည်ရေးဆွဲထားသည့် စားသုံးသူကာကွယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်သည်။

ဇူလိုင်လ ၃ဝရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၄င်း ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“စားသုံးသူကာကွယ်ရေး ဥပဒေအသစ်ကို ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်း များရဲ့ သဘောထားမှတ်ချက်၊ အကြံပြုချက်များ၊ ဥပဒေပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များရဲ့ အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရယူခဲ့တဲ့အပြင် အာဆီယံစားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ လမ်းညွှန်ချက်များ၊ အာဆီယံနိုင်ငံများရဲ့ စားသုံးသူကာကွယ်ပေးရေး ဥပဒေများကို လေ့လာပြီး၊ အာဆီယံနိုင်ငံများနဲ့လိုက်လျော ညီထွေရှိပြီး မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့် အချက်များကို ထည့်သွင်းရေးဆွဲခဲ့ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် ကုန်ပစ္စည်းတစ်ခု၏ အမျိုးအမည်၊သတ်မှတ်အရည်အချင်း၊ စတင်ရက်၊ ကုန်ဆုံးရက်၊အသားတင်ပမာဏ စသည်တို့ကို တင်သွင်းခဲ့သည့် နိုင်ငံမှ ဘာသာအပြင် မြန်မာဘာသာ နှင့်ပါ နှစ်ဘာသာတွဲ ဖော်ပြထားရမည်ဖြစ်သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ ဖော်ပြထားပြီး မလိုက်နာပါက ဒဏ်ကြေးငွေလည်း များပြားကြောင်း သိရသည်။

ကိုယ်စားလှယ်များအနေဖြင့်လည်း ၄င်းဥပဒေကြမ်းကို ဆွေးနွေးရာတွင် ထပ်မံပြင်ဆင် ဖြည့်စွက် ခြင်းကိုလာမည့် အစည်းအဝေးများတွင် ပြုလုပ်သွားကြမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

“ဒဏ်ကြေးတွေကတော့ သိန်းနှစ်ထောင်တွေ ၊ တစ်ထောင်တွေ ထိအောင်ပါတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

၂၀၁၄ခုနှစ် မတ်လ ၁၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သည့်၊ လက်ရှိ ကျင့်သုံးနေသည့် စားသုံးသူကာကွယ်ရေး ဥပဒေသည် အရေးကြီးသည့် အခြေခံအချက်များ ထည့်သွင်းပြဋ္ဌာန်းရန် အားနည်းချက်များ ရှိနေ၍ ဥပဒေသစ် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အစားအသောက်များ၏ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများသည် ဒေသ တွင်းနိုင်ငံများထဲတွင် အနိမ့်ဆုံး နိုင်ငံအဖြစ်မှာရှိနေသေးသည့်အတွက် လုံခြုံစိတ်ချမှု ရရှိစေရန် အတွက်ကို ကြိုးစားသွားရမည်ဟု စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မှတ်ချက်ပြု သည်။

“ဘာမှ သိပ်စိတ်ချရတယ်ဆိုတာ မရှိဘူး။ အဲ့တော့ ဆရာတို့တွေ့ရသလောက်ကတော့ ခုချိန်ထိပေါ့ အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကတော်တော်လေး နိမ့်နေသေးတယ်”ဟု ၄င်းက မှတ်ချက်ပြုသည်။

ထိုသို့ ဥပဒေကြမ်းတင်သွင်းနေပြီး တစ်ဖက်တွင်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)အနေဖြင့်လည်း အမျိုးသား အစားအသောက် နှင့် အမျိုးသားဆေးဝါးဥပဒေများကို   ခေတ်နှင့်လျော်ညီစွာ ပြန်လည် ပြင်ဆင်နေပြီး အလှကုန်၊ ဆေးပစ္စည်းနှင့် ဓာတ်ခွဲခန်းများ အတွက် ဥပဒေ (၃)ခုကို ထပ်မံရေးဆွဲနေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...