၁၉၄၇ ခုနှစ်ပင်လုံစာချုပ်မူ အကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးလုပ်ငန်စဉ်အောင်မြင်နိုင်လိမ့်မည်ဟု UNA ကြေညာချက်ထုတ်ပြန်

၁၉၄၇ ခုနှစ်ပင်လုံစာချုပ်မူ အကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးလုပ်ငန်စဉ်အောင်မြင်နိုင်လိမ့်မည်ဟု UNA ကြေညာချက်ထုတ်ပြန်
-ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)-(photo/Facebook)
-ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)-(photo/Facebook)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူအတိုင်းဆောင်ရွက်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က အခြေခံမူများ ၉ ချက်ပါ သဘောထားကြေညာချက်တစ်စောင် ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောထားကြေညာချက်ကို ရန်ကုန်မြို့ရှိ ခဝဲခြံမျက်မမြင်ကျောင်း၌ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သော “ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)” သို့ ပေးပို့ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။  

ယင်းကြေညာချက်၌ပါရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ၉ ချက်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုအတူတကွတည်ဆောက်ပြီး အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းထားသည်။

ထို့ပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကို အာမခံနိုင်သည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူအပေါ်အခြေခံပြီး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို အလေးပေးဆောင်ရွက်ရန်။ ပြည်တွင်းပြဿနာများကို ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းကို အသုံးမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် စသည့်အချက်များကိုလည်း ဖော်ပြထားသည်။

၁၉၄၇ ၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည် ပြည်ထောင်စုကိုဖွဲ့စည်းတည်ထောင်ခဲ့သည့် ပင်လုံစာချုပ်၏အနှစ်သာရများကို ဖော်ဆောင်ခဲ့ခြင်းမရှိဟု အဆိုပါသဘောထားကြေညာချက်တွင် ပါရှိသည်။

UNA တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD, ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD, မွန်အမျိုးသားပါတီ MNP, ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD, ကချင်အမျိုးသားကွန်ကရက် KNC, ကယန်းအမျိုးသားပါတီ KNP, ရှမ်းပြည် ကိုးကန့်ဒီမိုကရက်ပါတီ SSKDP, ကရင်အမျိုးသားပါတီ KNP, ရခိုင်မျိုးချစ်ပါတီ APP,မြိုအမျိုးသား ဒီမိုကရေစီပါတီ MNDP,ဓနုတိုင်းရင်းသား လူမျိုးများပါတီ DNDP, ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ SNSP, ခူမီး(ခမီး) အမျိုးသားပါတီ KNP, ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLDP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ပါဝင်ကြောင်း တွေ့ရှိရသည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...