ကယားပြည်နယ်ဝန်ကြီးချုပ်က အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာပြောဆိုခဲ့ခြင်းဟု တပ်မတော်ထုတ်ပြန်

ကယားပြည်နယ်ဝန်ကြီးချုပ်က အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာပြောဆိုခဲ့ခြင်းဟု တပ်မတော်ထုတ်ပြန်
ကယားပြည်နယ်ဝန်ကြီးချုပ်အယ်လ်ဖောင်းရှို (ဓာတ်ပုံ-စိုးသူအောင်)
ကယားပြည်နယ်ဝန်ကြီးချုပ်အယ်လ်ဖောင်းရှို (ဓာတ်ပုံ-စိုးသူအောင်)

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေးကိစ္စအပေါ် ကယားပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်း၏ ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်သည်။

အရေးပေါ်အခြေနေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊အခန်း(၁၁) ၊ပုဒ်မ - ၄၁၀၊ ၄၁၂ နှင့် ၄၁၃ တို့တွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အတိအလင်းပြဋ္ဌာန်းပြီးဖြစ်ပြီး ပြဋ္ဌာန်းချက်များအရ အရေး အပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ သာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။” ဟု ဖော်ပြပါရှိသည်။

ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးလုပ်ရာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က “ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော် ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာ တာဝန်အပြည့်အဝ ရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို ့ ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကို လိုလို့ရှိရင် သူကို ထိန်းခိုင်းဖို့ အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့လုပ်ဆောင်ရမဲ့တာဝန်ဖြစ်တယ်။” ဟုပြောဆိုခဲ့ကြောင်း ဖော်ပြထားသည့်အပေါ် အခြေခံ၍ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ)၊ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊ ကယန်းအမျိုးသားပါတီနှင့် Lain နည်းပညာအထောက်အကူပြုအဖွဲ့ တို ့ တက်ရောက်ခဲ့သည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ဒေသခံအချို့ ကန့်ကွက်ခဲ့ကြမှုအပေါ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဟု သတင်းများ ထွက်ပေါ်နေသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...