TNLA ၊ AA ၊ MNDAA သုံးဖွဲ့ကို အပစ်ရပ်လက်မှတ်ထိုးရန် အစိုးရတိုက်တွန်း

TNLA ၊ AA ၊ MNDAA သုံးဖွဲ့ကို အပစ်ရပ်လက်မှတ်ထိုးရန် အစိုးရတိုက်တွန်း
by -
ဇေယျာမော်

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် အဖွဲ့ဝင်များဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) တို့အား NCA စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောဆိုလိုက်သည်ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) တို့သည်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်ဘက်မှ အစဉ်တစိုက် ငြင်းပယ်ခြင်းခံထားရသည့် အဖွဲ့လည်းဖြစ်သည်။

“အရင်က မြောက်ပိုင်းသုံးဖွဲ့ AA၊ TNLA ၊ MNDAA ကို NCA လက်မှတ်ထိုးဖို့ မပြောခဲ့ဘူး။ အခုပြောလိုက်ပြီ။ 'ဝ' ကြေညာချက်မှာပါတဲ့အတိုင်း ဒီသုံးဖွဲ့ကို NCAထိုးဖို့ တိုက်တွန်းပါဆိုတာပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ယခုကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးပြီးပါက မြောက်ပိုင်းမဟာမိတ်များနှင့် ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်ကို ရက်ပိုင်းအတွင်း စတင်သွားမည်ဟုလည်း  ၄င်းကဆိုသည်။

ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ‘ဝ’ အဖွဲ့ (UWSA) ၊ ကချင်အဖွဲ့(KIA)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) စသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။

အဆိုပါအဖွဲ့များသည် နေပြည်တော်ရောက်ရှိခဲ့စဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ငြိမ်းချမ်းရေးကော်မရှင် တို့နှင့် သီးခြားစီအဖွဲ့ခွဲပြီး တွေ့ဆုံဆွေးနွေးခဲ့သည်။

တပ်မတော်အနေဖြင့် တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့(AA) အဖွဲ့တို့ကို ယခင်က အသိအမှတ် မပြုခဲ့သော်လည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယင်းအဖွဲ့သုံးဖွဲ့အား ဇူလိုင်  ၁၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုရလဒ်အား အသေးစိပ် ထုတ်ပြန်ခြင်းမရှိသော်လည်း NCA အပစ်ရပ်ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  သတင်းထုတ်ပြန်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...