ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲများကို အမျိူးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများနှင့် တပြိုင်းတည်းမကျင်းပဘဲ သီးခြားကျင်းပပေးသင့်သည်ဟု ချင်းအမျိူးသားဒီမိုကရက်တစ် (CNDP) ပါတီကပြောဆိုလိုက်သည်။
ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲများဖြစ်ကြသော အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများနှင့် ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲများကို တစ်ပြိုင်တည်းကျင်းပပြုလုပ်ခြင်းကြောင့် လူတစ်ဦးလျင် မဲပြား (၃) ခု(၄)ခု ပေးနေရသည့်အတွက် ခက်ခဲရှုပ်ထွေးမှုကြုံတွေ့ရသည်ဟု CNDP ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“ မဲဆန္ဒရှင်ပြည်သူတွေ(အထူးသဖြင့် နယ်စပ်ဒေသမှာရှိသော တိုင်းရင်းသားများ) အထွေထွေရွေးကောက်ပွဲနေ့မှာ လူတစ်ဦးက မတူညီတဲ့ လွှတ်တော်တွေအတွက် မဲပြား(၃)ခု(၄)ခု တစ်ပြိုင်းတည်းပေးရတဲ့အခါမှာ အခက်အခဲ၊ ရှုပ်ထွေးမှု ဖြစ်စေတယ်’’ ဟု ၎င်းကပြောသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲများကို သီးခြားကျင်းပပေးပါက မဲဆန္ဒရှင်ပြည်သူများအတွက် မဲပေးရာတွင် ပိုမိုရှင်းလင်းလွယ်ကူသွားမည့်အပြင် ဖက်ဒရယ်စနစ်ကို ဖြည့်စီးပေးရာလည်းရောက်သည်ဟု သူက ဆက်ပြောသည်။
ဆလိုင်းကျဲအိုဘိခ်ထောင်က “မဲပေးစနစ်နဲ့ သိပ်မရင်းနှီးသေးတဲ့ တိုင်းရင်းသားဒေသခံပြည်သူတွေအတွက် မဲပေးမှုဆိုင်ရာ ပိုပြီး ရှင်းလင်းလွယ်ကူမယ်။ ဘယ်မဲကိုဘာအတွက်ပေးသလဲ၊ ဘယ်မှာသွားသလဲဆိုတာသူတို့ ပိုပြီးသိမြင်လာလိမ့်မယ်။ အခုက ဗဟိုရော ပြည်နယ်ရော၊ တိုင်းရင်းသားရေးရာရော အကုန်လုံးကို တစ်ခါတည်းပေးခိုင်းတော့ တော်တော်ရောထွေးကုန်တာ။ ပြီးတော့ ဗဟိုနဲ့ပြည်နယ်အစိုးရဆိုတာ ဖက်ဒရယ်ရဲ့သဘောသဘာဝအရ သီးခြားဖြစ်တဲ့အတွက် ရွေးကောက်ပွဲလည်း သီးခြားကျင်းပရတယ်။ အမေရိကန်၊ အိန္ဒိယကိုကြည့်ပါ။ ဒါကြောင့်တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့ ရွေကောက်ပွဲစနစ်က ဖက်ဒရယ်နိုင်ငံများနဲ့ အလားသသဏ္ဍန်ပိုပြီးတော့ တူသွားမယ်’’ ဟု ပြောသည်။
ယင်းအတွက် အခြေခံဥပဒေပြင်ဆင်ရန် မလိုဘဲ ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ခြင်းဖြင့် လက်ရှိအနိုင်ရအစိုးရမှ လွတ်လွတ်ကျွတ်ကျွတ်လုပ်ဆောင်နိုင်သည့်ကိစ္စဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အလေးအနက် စဉ်းစားသင့်သည်ဟု CNDP ကထောက်ပြထားသည်။
“အဲလိုရွေးကောက်ပွဲစနစ်ပြင်ဖို့အတွက် အခြေခံဥပဒေ ပြင်စရာမလိုဘူး၊ တစ်နည်းအားဖြင့် NLD က ပြင်ချင်ရင် စိတ်ကြိုက် အချိန်မရွေး ပြင်ခွင့်ရှိတယ်။ တပ်မတော်နဲ့ အခြေခံဥပဒေကို အကြောင်းပြလို့မရဘူး၊ ဒါကြောင့် ဒီလိုတိုင်းရင်းသားတွေအတွက် ဖက်ဒရယ်အင်္ဂါရပ်ကို ဖြည့်စီးဖို့ NLD က အမှန်တကယ်လိုလားခြင်းရှိမရှိကို ဒါမျိုးနဲ့ တိုင်းတာလို့ရတယ်၊လက်တွေ့လုပ်လို့ရတဲ့ဟာကို သူတို့(NLD) လုပ်မလုပ်ကြည့်ရမယ်’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ထောက်ပြသည်။
ထို့အပြင် နောက်နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို နွေရာသီ၊ ပွင့်လင်းရာသီများတွင် ကျင်းပပေးစေလိုကြောင်း မိုးရာသီအတွင်း မဲဆွယ်စည်းရုံးရေးဆင်းရသည်မှာ အထူးသဖြင့် တိုင်းရင်းသားဒေသများမှာ အလွန် ခက်ခဲကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလကိုလည်း (၂)လအစား (၃)လဖြင့် သတ်မှတ်ပေး စေလိုသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ပေးပို့သော CNDP ၏ အကြံပြုတိုက်တွန်းစာတွင်ဖော်ပြထား သည်။







