နိုင်ငံရေးတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး သဘောတူညီမှုရ

နိုင်ငံရေးတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး သဘောတူညီမှုရ
by -
မင်းမင်း
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ၊ UNDPမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၉ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးအုပ်ချုပ်ရေးမှူးများ၊ UNDPမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများတွင် အနည်းဆုံး အမျိုးသမီး ၃ဝရာခိုင်နှုန်း ပါဝင်ရန် နေပြည်တော်တွင်ဇူလိုင် ၅ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေး၌ သဘောတူလိုက်သည်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အနည်းဆုံး ၃ဝရာခိုင်နှုန်းပေါ့။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိသဖြင့် ကဏ္ဍတိုင်းမှာ သူတို့က အဲ့လို အခွင့်အရေး ရှိပါမယ်။ သူတို့ကို အခွင့်အရေး ပေးဖို့ပေါ့။ အနည်းဆုံး ၃ဝရာခိုင်နှုန်း ပါဝင်ခွင့်ပြုဖို့ အဲ့ဒီ သဘောထားတွေ ချမှတ်ပါတယ်” ဟု နိုင်ငံရေးပါတီအစုအဖွဲ့မှ ဒေါက်တာတူးဂျာက သတင်းထောက်များကို ပြောသည်။

ကဏ္ဍကြီးငါးခုအနက် နိုင်ငံရေးကဏ္ဍတွင် ပါဝင်သည့် ကျား/မတန်းတူရေးနှင့်ပတ်သက်ပြီး အနည်းဆုံး အမျိုးသမီး ၃ဝရာခိုင်နှုန်း ပါဝင်ရေး အဆိုပြုချက်ကို တပ်မတော်အပါအဝင် အစုအဖွဲ့အားလုံးက သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“သဘောက မူတစ်ခု အနေနဲ့ပေါ့။ အခုလောလောဆယ် ၃ဝရာခိုင်နှုန်း မပြည့်ရင်လည်း မပြည့်ဘူး။ လျော့ရင်လည်း လျော့နည်းမယ်။ ဒါပေမယ့် မူတစ်ခုအနေနဲ့ကတော့ အနည်းဆုံး ၃ဝရာခိုင်နှုန်းဆိုတဲ့ မူကို ချမှတ်ပြီးတော့မှ လုပ်ဆောင်သွားဖို့ပါ” ဟု ဒေါက်တာတူးဂျာက ဆိုသည်။

ယင်းသဘောတူညီချက်ကို ဇူလိုင် ၈ရက်နှင့် ၉ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးသို့ တင်ပြပြီး ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။ UPDJC က သဘောတူမှသာ ဇူလိုင် ၁၁ရက်မှ ၁၆ရက်အထိ ကျင်းပမည့် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကဏ္ဍအလိုက် ထပ်မံဆွေးနွေးကြမည် ဖြစ်သည်။

ထိုသို့ ထပ်မံဆွေးနွေးပြီးနောက် သဘောတူညီချက် ရရှိမှသာလျှင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် သတ်မှတ်မည်လည်း ဖြစ်သည်။ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်မူ ၃ရချက် သဘောတူညီမှု ရခဲ့သည်။

နိုင်ငံရေးအပြင် လူမှုရေးကဏ္ဍတွင် ပါဝင်သည့် ပဋိပက္ခအလွန်ကာလ ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး၊ လူမှုဖူလုံရေး စသည့် ကိစ္စရပ်များတွင်လည်း အမျိုးသမီး ၃ဝရာခိုင်နှုန်း ပါဝင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု လွှတ်တော်အစုအဖွဲ့မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်က ပြောသည်။

“အကောင်အထည်ဖော်မှု အဆင့်တိုင်းမှာ အမျိုးသမီးတွေရဲ့ အသံတင် မဟုတ်ဘူး။ ကိုယ်စားပြုမှုပေါ့။ အဲ့ဒီဟာကို ကြိုးစားဆောင်ရွက်ဖို့ သဘောတူညီမှုရတာ ဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

အမျိုးသမီးပါဝင်မှု အချိုးအစားနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မည်သည့်ရာခိုင်နှုန်း ပါဝင်ရေးထက် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အဓိက လိုအပ်ပြီး စွမ်းဆောင်ရည် တက်လာပါက ၃ဝရာခိုင်နှုန်းထက်မက ပါဝင်နိုင်သည်ဟု ပြောဆိုထားသည်ဟု NLD ၏ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမေဝင်းမြင့်က ဇူလိုင် ၂ရက်နေ့က ပြောသည်။

“ဒေါ်စုပြောတာက အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်ပေးပါတဲ့။ ကိုတာစနစ်ကြီးကို လုပ်ပြီးတော့ အမျိုးသမီးတွေက ဘာအရည်အချင်းမှ မရှိဘူးဆိုရင် ပိုတောင်မှ ကဲ့ရဲ့ ခံရလိမ့်မယ်တဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ဒေါက်တာမေဝင်းမြင့်က ပြောပြသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...