မြန်မာစစ်တပ် ကသာ KBC ဆရာမ (၂) ဦး သတ်ဖြတ်သည်ဟု KIA ပြန်လည် တုန့်ပြန်

မြန်မာစစ်တပ် ကသာ KBC ဆရာမ (၂) ဦး သတ်ဖြတ်သည်ဟု KIA ပြန်လည် တုန့်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း ကောင်းခါးကျေးရွာမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ကျောင်းဆရာမ ၂ ဦး သတ်ဖြတ်ခံရမှုသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ လုပ်ရပ်ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အား ပြောဆိုချက်ကို KIA က ငြင်းဆိုလိုက်သည်။

အဆိုပါ သတ်ဖြတ်မှုသည် မြန်မာ့တပ်မတော်၏ လုပ်ရပ်ထင်ရှားနေသဖြင့် မဝန်ခံသော်လည်း သိနိုင်ကြောင်း လိုင်ဇာမြို့မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလို တုန့်ပြန် ပြောသည်။

“KBC စေတနာ့ ဝန်ထမ်း ဆရာမ (၂)ဦးနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ ကောင်းခါးရွာက KIA တပ်တွေ နေရာချနေတဲ့ နေရာမဟုတ်ဘူး။ အဲ့ဒီချိန်က မြန်မာစစ်တပ်တွေ တပ်ချနေရာ ယူထားတဲ့ အချိန်ဖြစ်နေတယ်။ KIA စစ်သားတွေက ကချင် အချင်းချင်း အဓမ္မ ပြုကျင့် သတ်ဖြတ်တဲ့ သမိုင်း တစ်ခုမှ မရှိခဲ့ဘူး။ ကြားလဲ မကြားဖူးဘူး။ ကောင်းခါးရွာက မြန်မာစစ်တပ် တစ်တပ်တည်း ဝင်ထွက် တပ်ချ နေတဲ့ နေရာဖြစ်တဲ့ အတွက် ဒီလိုသတ်ဖြတ်မှုက သူတို့ ဝန်မခံပေမယ့် မြန်မာစစ်တပ် သာဖြစ်တယ် လို ့ ပြောချင်တယ်။”

ဇွန်လ (၂၈)ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာတွင် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ (PC) တာရှိသူများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယခုလို ပြောခဲ့သည်။

“ကချင်ပြည်နယ်က ကျောင်းဆရာမ ၂ယောက် ကိစ္စ၊ ဒီကိစ္စအပေါ်မှာ စွပ်စွဲတယ်။ သေသေချာချာ စစ်ဆေးကြည့်တဲ့အခါ KIA ထဲက အမျိုးသား ၂ ယောက်ကပဲ သတ်သွားတာ ဖြစ်တယ်။ တပ်မတော်နဲ့ မဆိုင်ဘူး။ အဲဒီ ၂ ယောက်ကလည်း KIA ထဲကို ပါသွားတယ်။ ဒီဘက်မှာ မရှိဘူး။ သူတို့လည်း ဒါကို အတော်လေး စီစစ်တယ်ဆိုတဲ့အကြောင်း ပြောပါတယ်” ဟု PC ဒုတိယ ဥက္ကဌ ဦးအုန်းကြိုင် မှတဆင့် ပြောပြချက် ကို ဧရာဝတီသတင်းဌာန က ဇွန်လ (၂၉)ရက်နေ့မှာ သတင်း ရေးထားသည်။

ဆရာမ (၂)ဦးသည် ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်ည ရှမ်းမြောက် ပန်ဆိုင်း(ကြူကုတ်)၊ ကောင်းခါး ကျေးရွာတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ကို ခံခဲ့ရပါသည်။

ဒေသခံများ၏ ထွက်ဆိုချက်နှင့် အမှုစစ်ရှေ့နေများ၏ စစ်ဆေးတွေ့ရှိချက်အရ ပြစ်မှုကျူးလွန်သူမှာ ထိုစဉ် ကောင်းခါးကျေးရွာတွင် တပ်ချနေသော တပ်မတော် စစ်ကြောင်း ခြေမြန်တပ်ရင်း ခမရ (၅၀၃) တပ်ဖွဲ့ဖြစ်နိုင်သည်ဟု ကချင်အမျိုးသမီးအဖွဲ့ထိုင်းနိုင်ငံ KWAT အဖွဲ့၏ ‘Justice Delay, Justice Denied’ အစီရင်ခံစာတွင် ဆိုထားသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ အထူးဖွဲ့စည်းသည့် “အမှုမှန်ဖော်ထုတ်ရေးကော်မတီ” မှ တရားခံအဖြစ် ယူဆစွပ်စွဲ ထားသော တပ်မတော် ခမရ (၅၀၃) စစ်ကြောင်းမှူးကို တိုက်ရိုက် တွေ့ဆုံ စစ်ဆေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့မှ ခွင့်မပြုခဲ့သောကြောင့် စစ်ဆေးမှုမှာ ရပ်တန့်နေခဲ့သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...