ပငဆားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး အတိုးနည်းချေးငွေများလိုအပ်

ပငဆားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး အတိုးနည်းချေးငွေများလိုအပ်
ပငဆားဂိုထောင်တစ်ခုမှ ရေမြုပ်ပြီးလက်ကျန်ဆားအိတ်များ(ဓါတ်ပုံ -MNA)
ပငဆားဂိုထောင်တစ်ခုမှ ရေမြုပ်ပြီးလက်ကျန်ဆားအိတ်များ(ဓါတ်ပုံ -MNA)

ဇွန်လ ၁၇ ရက်နေ့ရေကြီးမှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဆားကွင်းရေမြုပ်သဖြင့် ဆားလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အတိုးနည်းသည့်ဘဏ်ချေးငွေများ လိုအပ်လျက်ရှိကြောင်း ပငကျေးရွာဆားလုပ်ငန်းရှင်များက ပြောသည်။

သိုလှောင်ထားသည့် လက်ကျန်ဆားကြမ်းများအပြင် ကုန်ကြမ်းများလည်း ရေမြုပ်သွားသည့်အတွက် လာမည့်ပွင့်လင်းရာသီ နေလှန်းဆားလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း ဆားလုပ်ငန်းရှင် နိုင်ဟုက ဆိုသည်။

“အခုကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ ဆားတောင်သူတွေ လာမယ့်နှစ် ပြန်ထူထောင်နိုင်အောင် နိုင်ငံတော်က လိုအပ်တဲ့သူကို ကူညီပေးဖို့ သက်တောင့်သက်သာနဲ့ ချေးငွေလေး သူတို့အတွက် ရအောင်စီစဉ်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ဟုက ပြောသည်။

ပငဆားတောင်သူများသည် အခွန်အများဆုံး ပေးဆောင်နေရသည့်လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ်  နှစ်စဉ်အခွန်တာဝန်ကျေပွန်သည့် ဆားတောင်သူများလည်းဖြစ်ကြောင်း၊ လက်ရှိဒုက္ခကြုံတွေ့နေရသည့် ဆားတောင်သူများ လုပ်ငန်းပြန်လည်ထူထောင်နိုင်ရေး သက်သာသည့်အတိုးနှုန်းထားဖြင့် ငွေကြေးအကူအညီလိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။

 “ချောင်းမြောင်းတွေ တိမ်ကောနေတဲ့ဟာတွေ ဆင်းကြည့်ပေးဖို့ တူးဖော်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲဒါတွေ တူးဖော်ပေးမယ်ဆိုရင် အဆင်ပြေသွားမယ်။ အဲဒီလိုလုပ်ပေးနိုင်မယ်ဆိုရင် ရေလွှမ်းမိုးမှုတွေကို မခံစားရတော့ဘူး။ ရေကြီးမှုတွေ ကြုံခဲ့ဘူးတယ်။ ဒါပေမယ့် ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူး။ ရထားလမ်းကျော်အထိတစ်ခါမှ မရောက်ဖူးဘူး။ ဒီနှစ်ပဲကြုံတွေ့ရတော့တယ်”ဟု ဆားလုပ်ငန်းရှင် ဦးစိုးသန်းက ပြောသည်။

သဘာဝဘေးအန္တရာယ်ဖြစ်သည့်ရေလွှမ်းမိုးမှုဒဏ်မှ ကြိုတင်ပြင်ဆင်နို်င်ရန် ဆားကွင်းတဝိုက်ရှိ တိမ်ကောပျက်စီးနေသည့် ချောင်းမြောင်းများရေစီးရေလာကောင်းမွွန်စေရေး ပြန်လည်တူးဖော်သင့်ကြောင်း၊ ဆားလုပ်ငန်းရှင်များအနေဖြင့်  ဖော်ဆောင်နိုင်မည်မဟုတ်သည့်အတွက် နို်င်ငံတော်အကူအညီဖြင့် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း သို့မှသာ အချိန်တိုအတွင်း ပြန်လည်ထူထောင်ရေးပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ဆိုသည်။

ဆားလုပ်ငန်းရှင် ဦးညွှန်ဟန်က“ချောင်းမြောင်းတွေ ရေစီးရေလာကောင်းမယ်ဆိုရင်တော့ ဒီလိုမျိုး ရေလျှံပြီး ဝင်မလာဘူးပေါ့။ ရေစီးရေလာကောင်းရင် သူ့ဟာသူသွားမယ်။ အခုဟာက မိုးကလည်း များတယ်။ ချောင်းမြောင်းတွေ ငယ်လို့ အခုလိုဖြစ်သွားတယ်။ ဒါကတော့ ကိုယ်လုပ်ယူမှ မဟုတ်တာ သူ့ဟာသူဖြစ်လာတာ။ ကံတရားပဲလို့ ပြောရတော့မယ်”ဟု ပြောသည်။

မွန်ပြည်နယ်ဆားလုပ်များအနက် ပငဆားလုပ်ငန်းမှာ အကြီးမားဆုံးဖြစ်ကြောင်း စာရင်းမှတ်တမ်းများအရ သိရသည်။

မွန်ပြည်နယ်အတွင်း ဇွန်လ ၁၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ မြို့နယ် ၇ ခုတွင် ရေကြီးရေလျံဖြစ်ကာ ကားလမ်းပေါ်ရေကျော်ခြင်း၊ မြေသားပြိုကျခြင်း၊ ဆားဖိုများပျက်စီးခြင်း၊ ဓာတ်တိုင်ကျိုးကျခြင်းနှင့် လူနေအိမ်နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်ငွေသိန်းပေါင်း ၆၅၀၀ ကျော် ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ခန့်မှန်းထားသည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...