မိုးများမှုဒဏ်ခံနိုင်မည့်ဒီဇိုင်းရေးဆွဲဆောင်ရွက်မှုနည်းပါးခြင်းကြောင့်ချင်းပြည်နယ်လမ်းများအလွယ်တကူပျက်စီးခြင်းဖြစ်

မိုးများမှုဒဏ်ခံနိုင်မည့်ဒီဇိုင်းရေးဆွဲဆောင်ရွက်မှုနည်းပါးခြင်းကြောင့်ချင်းပြည်နယ်လမ်းများအလွယ်တကူပျက်စီးခြင်းဖြစ်
by -
CL ထန်းငါ

ချင်းပြည်နယ်အတွင်းရှိလမ်းများကို တည်ဆောက်ရာတွင် မိုးများသည့် ဒဏ်ကိုခံနိုင်မည့် နည်းလမ်းများဖြင့် ဒီဇိုင်းရေးဆွဲဆောင်ရွက်မှု နည်းပါးသောကြောင့် မိုးတွင်းကာလရောက်တိုင်း မြေပြိုမှု၊ မြေသားပဲ့ကျမှုများဖြင့် နှစ်စဉ် ရင်ဆိုင်နေရဆဲဖြစ်ကြောင်းဟားခါးမြို့အခြေစိုက်ကုမဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုရိုထန်းလျံနာက ကပြောသည်။

လက်ရှိအနေအထားအရ တင်ဒါအောင်သည့် ကုမ္ပဏီတစ်ချို့အနေဖြင့်အင်ဂျင်နီယာအတတ်ပညာ(ဒီဇိုင်း)ဖြင့်ဆောင်ရွက်သောနည်းလမ်းများထက်သုံးစွဲနိုင်သောငွေပမာဏအတွင်းသာပြီးစီးအောင်လုပ်ကိုင်နိုင်သည့်နည်းလမ်းဖြင့်ဆောင်ရွက်နေကြောင်း ၄င်းက ဆက်ပြောသည်။

“ချင်းပြည်နယ်လမ်းတွေကို တည်ဆောက်ရေးပိုင်း ပုံစံရေးဆွဲတဲ့နေရာမှာမိုးများမှုဒဏ်ကိုတုန့်ပြန်ခံနိုင်မယ့် နည်းလမ်းတွေကိုရေးဆွဲမှု နည်းပါနေတာကြောင့် အခုလိုမိုးတွင်းကာလရောက်တိုင်းချင်းပြည်နယ်ထဲက လမ်းတွေဟာ အလွယ်တကူ ပျက်စီးမှုနဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်”ဟု အင်ဂျင်နီယာ ရိုထန်းလျံနာ က ပြောသည်။

ချင်းပြည်နယ်တွင် ကတ္တရာခင်းလမ်း၊ကျောက်စရစ်လမ်းနှင့် မြေသားလမ်းဟူ၍လမ်းသုံးမျိုးရှိပြီး မိုင်ပေါင်း ၁၃၁၇ မိုင်ရှိကြောင်း၊ဒေသခံပြည်သူများအနေဖြင့် မိုးရာသီတွင် ကျောက်စရစ်လမ်းနှင့်မြေသားလမ်းတို့ကို အသုံးပြုနိုင်ရန်ခဲယဉ်းလှကြောင်း၊ကတ္တရာခင်းလမ်းများမှာလည်း လမ်းပြတ်တောက်မှုများဖြင့် ကြုံတွေ့ကြရကြောင်းသိရသည်။

နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သတ်ပြီး ပြည်နယ် လမ်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထာပဲန်းက လမ်းဦးစီးဌာနအနေဖြင့်လုပ်ငန်းဆောင်ရွက်ရာတွင် ရုံးချုပ်က ရေးဆွဲထားသည့်ဒီဇိုင်းအရဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်ဒီဇိုင်းရေးဆွဲရေးနှင့် အရည်အသွင်းစိစစ်ရေးပိုင်းမှာအားနည်းချက်များရှိနိုင်သကဲ့သို့ တင်ဒါအောင်ကုမဏီအနေဖြင့်လည်းနည်းပညာပိုင်းဆိုင်ရာမှာ အဆင့်မြင့်တင်ရန်လိုအပ်နေကြောင်း ပြောသည်။

“ချင်းပြည်နယ်မှာ တစ်ဖက်က ကြုံတွေ့နေရတဲ့ သဘာဝဘေးဒဏ်ကြောင့် တောင်ပြိုလမ်းပိတ်ဆို့ခြင်း၊ လမ်းသားပဲ့ကျခြင်းတို့နည်းသွားအောင်ကျွန်တော်တို့ တစ်ဖက်က ဆောင်ရွက်သလို တစ်ဖက်ကလည်း လမ်းသားကောင်းအောင် ကျွန်တော်တို့ ရရှိတဲ့ ရန်ပုံငွေပေါ်မူတည်ပြီးတော့ဆောင်ရွက်နေပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးဦးထာပဲန်းက ပြောသည်။

မိုးတွင်းကာလမှာမြေပြိုခြင်းနှင့်တောင်ပြိုနိုင်သည့်အလားအလာ ဖြစ်တန်စွမ်းများကို လျှော့ချရန် ပုံစံမျိုးစုံဖြင့် တတ်နိုင်သမျှ ဆောင်ရွက်နေကြောင်း၎င်းက ဆက်ပြောသည်။

ချင်းတောင်ရှိ မြေသားလမ်းသည် မခိုင်မာသဖြင့်အစိုးရအနေဖြင့် ကုန်ပစ္စည်းတင်ဆောင်ရာတွင် တန်ပိုချိန် ကြပ်မတ်စေလိုကြောင်း၊ ပြည်သူလူထုဘက်မှလည်း ပံ့ပိုးလုပ်ဆောင်လိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂင်ကမ်းလျန်က ပြောသည်။

“လမ်းပျက်စီးလိုက်တော့ လူထုအားလုံးနစ်နာတယ်ဆိုတော့ ပြည်နယ်အစိုးရအနေနဲ့တန်ပိုကိစ္စကို ကြပ် မတ်ဖို့ လိုအပ်ရင်အရေးယူဖို့ တကယ်လိုတယ်။ နောက်ပြီးကုန်သည်ပိုင်းတွေ၊ ကားပိုင်ရှင်ပိုင်းမှာလည်း လူူထုကိုသက်ညှာဖို့အရေးကြီးတယ်လေ။ သူတို့ကားသွားလို့ရရင် ပြီးရောဆိုတဲ့သဘောဖြစ်တယ်။ နိုင်ငံတော်ကဘယ်လောက်ပဲ လုပ်လုပ်ကိုယ့်လူထုဘက်ကလည်း ပံ့ပိုးဖို့လိုတယ်။ အဓိကကတော့တန်ပိုချိန်တိကျဖို့အရေးကြီးတယ်။ နောက်ပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့လိုတယ်” ဟု ဦးဂင်ကမ်းလျန်က ပြောသည်။

ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးတွင် လမ်းဘေး တောင်နံရံခိုင်ခံ့အောင်စီမံဆောင်ရွက်ခြင်း၊ ရေသွယ်မြောင်းများထိန်းသိမ်းခြင်းတို့တွင် ပိုမိုဂရုစိုက်လုပ်ဆောင်ရန်လည်းလိုအပ်နေသေးကြောင်းသိရသည်။

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးရေးသည်အရေးကြီးသည့်အလျောက် ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ်မိုးတွင်းကာလ အတွင်းဒေသခံပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေသောလမ်းပန်းဆက်သွယ်ရေးအခက်အခဲသည် အဓိကဦးစားပေးတစ်ရပ်အဖြစ် ဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...