ကန်ပက်လက်မြို့နယ်(NLD) မှ ရွေးကောက်ပွဲပြိုင်မပြိုင် တစ်ပတ်အတွင်း ပြုလုပ်မည့် ပြည်နယ်အဆင့်ပါတီအစည်းအဝေးတွင် ညှိနှိုင်းမည်

ကန်ပက်လက်မြို့နယ်(NLD) မှ ရွေးကောက်ပွဲပြိုင်မပြိုင် တစ်ပတ်အတွင်း ပြုလုပ်မည့် ပြည်နယ်အဆင့်ပါတီအစည်းအဝေးတွင် ညှိနှိုင်းမည်

ပါတီ၏ ဗဟိုဦးစီးမှုများနေသည်ဟု ဆိုကာ ကန်ပက်လက်မြို့နယ် အဲန်အယ်ဒီပါတီမှ ရွေးကောက်ပွဲမယှဉ်ပြိုင်ရန် ဆုံးဖြတ်မှုနှင့်ပတ်သက်ပြီး တစ်ပါတ်အတွင်းပြုလုပ်မည့် ပြည်နယ်လုံးဆိုင်ရာ အစည်းအဝေးတွင်ထပ်မံညှိနှိုင်း အုံးမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် အဲန်အယ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဆလိုင်းမင်းညို ကပြောသည်။

မင်းတပ်ခရိုင်၏ အဲန်အယ်ဒီပါတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ ကန်ပက်လက်မြို့နယ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်လည်းဖြစ်သူ ဆလိုင်းမင်းညိုက “ ပါတီရဲ့လုပ်ဆောင်မှုတွေသိပ်မကြိုက်တော့ ပြန်ပြီးညှိနှိုင်းစေချင်တယ်။ ဗဟိုကနေ ဦးစီးနေတာမျိုးမဟုတ်ပဲ အအောက်ခြေကပါတီကိုလေးစားစေချင်တယ်။ တိုင်ပင်စေချင်တာပေါ့။ တစ်ပါတ်အတွင်း ပါတီရဲ့ပြည်နယ်လုံးဆိုင်ရာ အစည်းအဝေးရှိမယ်။ အဲဒီမှာ ကန်ပက်လက်မြို့ကနေ ရွေးကောက်ပွဲယှဉ်ပြိုင်ရေးမပြိုင်ရေးကိစ္စကိုဆွေးနွေးမှာဖြစ်တယ်။ ကျွန်တော်တို့လည်း ပြောချင်တာတွေတော့ များတာပေါ့။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့က ဒီမိုကရေစီမဲနဲ့ အနိုင်ရတဲ့သူကို သာသနာရေးဝန်ကြီးနေရာကို ခန့်အပ်တယ်။ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်ကို ဗဟိုကအသိအမှတ်မပြုဘူးလို့ ခံစားခဲ့ရတာပေါ့” ဟုပြောသည်။

သူကဆက်ပြီး “ ပြည်နယ်ဘတ်ဂျက်ခွဲဝေရေးမှာဆိုရင်လည်း မင်းတပ်နဲ့ ကန်ပက်လက်က တစ်ခြားမြို့တစ်မြို့စာရဲ့ ဘတ်ဂျက်လောက်တောင်မရဘူး။ ကန်ပက်လက်မြို့ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေအဓိကစိတ်ဝင်စားပြီး အမျိုးသားဥယျာဉ်လည်းရှိတဲ့နေရာဖြစ်တော့ အများကြီးဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တယ်။ အဲဒီကိစ္စတွေလည်းပါတယ်။ ပြည်နယ်အစိုးရရဲ့အားနည်းချက်တွေတစ်ဖြည်းဖြည်းတွေ့လာတော့ မင်းတပ်၊ ကန်ပက်လက်ဖက်မှာ ဝန်ကြီးနေရာမရှိတဲ့အတွက်ကြောင့်လား ဆိုတာမျိုးလည်း စဉ်းစားလာတာပေါ့” ဟုပြောသည်။

လက်ရှိ ချင်းပြည်နယ် အဲန်အယ်ဒီ၏ လုပ်ငန်းလှုပ်ရှားမှု၊ ဆုံးဖြတ်ချက်ချမှုများသည်လည်း အောက်ခြေကိုယ်စားလှယ်များနှင့်တိုင်ပင်မှုနည်းပြီး တစ်စုံတစ်ဦးကသာ ကိုင်တွယ်ဆုံးဖြတ်နေသည့် သဘောမျိုးလည်း သက်ရောက်နေကြောင်း ဆလိုင်းမင်းညိုကပြောသည်။

ဆလိုင်းမင်းညိုက “ ချင်းပြည်နယ်အဲန်အယ်ဒီပါတီရဲ့ပုံစံက တစ်စုံတစ်ဦး ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲ ရပ်တည်လာတယ်ဆိုတာမျိုးကို တွေ့လာရတာပေါ့။ နောက်ပြီးဗဟိုကလည်း ကျန်တဲ့သူတွေရဲ့စကားကိုလက်မခံဘူး။ တစ်ဦးတစ်ယောက်ရဲ့ စကားကိုပဲလက်ခံတဲ့ပုံစံဖြစ်နေတဲ့အတွက် ထောက်ပြမှရတော့မယ်ဆိုပြီး စဉ်းစားလာတာဖြစ်တယ်” ဟုပြောသည်။

ယခုကဲ့သို့ ပါတီအတွင်း စီမံခန့်ခွဲမှုအားနည်းချက်ရှိလာသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေးအတွက်လည်း စိန်ခေါ်မှုများရှိလာနိုင်သည့်အတွက် ပြုပြင်ပြောင်းလဲရေး တစ်စုံတစ်ရာ ပြုလုပ်သင့်သည်ဟု ယူဆသည့်အတွက် ထောက်ပြဝေဖန်မှုမျိုးကို ဆောင်ရွက်ရန် စဉ်းစားလာရခြင်းဖြစ်ကြောင်း ၊ ထိုသို့ပြုပြင်ပြောင်းလဲရေးအတွက်လည်း ပြည်နယ်အဆင့်၏ ညှိနှိုင်းမှု မဟုတ်ပဲ ပြည်ထောင်စုအဆင့်မှာ လာရောက်ညှိနှိုင်းခြင်းကိုသာ လက်ခံသွားမည်ဟု သူကဆက်ပြောသည်။

ဆလိုင်းမင်းညိုက “ အဓိကတော့ ဒါမှလည်း ၂၀၂၀ မှာ ပါတီအောင်နိုင်ရေးကလည်း အခုလို သွားလို့မရတော့ဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုအပ်နေပြီ။ အဲဒါကို အမြန်ဆုံးပြန်လုပ်ဖို့ တောင်းဆိုချင်တာပေါ့။ ဗဟိုရဲ့ကတိကဝတ်တစ်ခုခုလိုချင်တာပေါ့။ ကိုယ်စားလှယ်တွေရဲ့ သဘောထားကို လက်ခံမလားပေါ့။ အဲဒီလို မဖြစ်လာဘူး။ အညှိနှိုင်းလာဘူး ဆိုရင်တော့ ကန်ပက်လက်အနေနဲ့ ပြတ်ပြတ်သားသားပဲဆုံးဖြတ်မယ်။ ရွေးကောက်ပွဲလည်း ဝင်မပြိုင်ဘူးပေါ့။ ပြည်နယ်အဆင့်ရဲ့ညှိနှိုင်းမှုကိုလည်း လက်ခံပေးမှာမဟုတ်ဘူး။ ဗဟိုကနေ ညှိနှိုင်းတာမျိုးကိုပဲ လက်ခံဖို့ ဆုံးဖြတ်ကြတယ်” ဟုပြောသည်။

တစ်ပတ်အတွင်း ကျင်းပမည့် ချင်းပြည်နယ်လုံးဆိုင်ရာ အဲန်အယ်ဒီပါတီအစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့်နေရာအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကိုလည်း ရွေးချယ်သွားမည်ဖြစ်ပြီး ကန်ပက်လက်တွင် လစ်လပ်မှုရှိနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားနေရာအတွက် ညှိနှိုင်းမှု နှင့် ကတိကဝတ် နှင့်ပတ်သက်ပြီး ကျေနပ်မှုရှိ၊ မရှိ အပေါ်မူတည်မည်ဖြစ်ကြောင်း ဆလိုင်းမင်းညိုကပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...