ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုရွာမှ (၇) တန်းတက်မည့် ဆယ်ကျော်သက်အရွယ် မိန်းခလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။
၎င်းမိ်န်းခလေးနှစ်ဦးမှာ မလှဆန်းအေး (၁၅) နှစ်(ဘ) ဦးစောထွန်းသိန်းနှင့် မနှင်းနုချေ(၁၄) နှစ် (မိ) ဒေါ်မဲချေတို့ဖြစ်ကြောင်း သိရသည်။
၎င်းမိန်းခလေးငယ် နှစ်ဦးသည် မေ ၃၀ ရက်နေ့က ရာမောင်တံတားအနီးတွင် မြစ်ရေထဲ မျောပါသွားသည့် ပလစတစ်ပုံးကို လိုက်ဆယ်ရာမှ ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ သူတို့က ရွာအနားက ရာမောင်တံတားအနီး ရာမောင်မြစ်ကမ်းဘေးမှာ ကျောက်တင်တဲ့ ပလစတစ်ပုံးကို သွားဆေးရင်း ပုံးကရေထဲမျောပါသွားတော့ မလှဆန်းအေးက လိုက်ဆယ်တယ်။ မလှဆန်းအေး ရေနစ်တော့ မနှင်းနုချေကပါ လိုက်ကယ်တော့ နှစ်ယောက်စလုံး ရေနစ်ပြီး သေဆုံးသွားခဲ့ရတာပါ” ဟု ဖားပြိုဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
မလှဆန်းအေးအလောင်းအား မေ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရရှိပြီး မနှင်းနုချေ အလောင်းကို ည ၆ နာရီတွင် မြစ်ထဲမှ ဆယ်ယူရရှိသည်ဟု သိရသည်။
“ အလောင်းတွေကို မနေ့က ရတာနဲ့ မင်းပြားဆေးရုံကို ပို့ဆောင်တယ်။ ပီးရင် ချက်ချင်းဘဲ ရွာကို ပြန်သယ်လာပြီး သဂြိင်္ုလ်လိုက်ပါတယ်။ မိသားစုတွေက အရမ်းပူဆွေးနေကြပါတယ်။ မနှင်းနုချေမှာက အမေတစ်ခု သမီးတစ်ခုပါ။ အဖေမရှိဘူး။ မလှဆန်းအေးမှာတော့ မိစုံဖစုံနဲ့ ညီအစ်ကို မောင်နှမတွေ သုံးလေးယောက် ရှိပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ဖားပြိုရွာမှ မိန်းခလေး တစ်ဦးက “ သူတို့နှစ်ယောက်က ခုနှစ်တန်းတက်မှာပါ။ ကျောင်းသုံး စာအုပ်တွေလည်း ရထားကြပါပြီ။ သူတို့က ကျောက်တင်တဲ့သူတွေ မဟုတ်ပါ။ မြစ်နားမှာ ပလစတစ်ပုံးတွေကို သွားဆေးရာကနေ ရေနစ်သွားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
ဖားပြိုရွာ မူလွန်ကျောင်းကို အလက(ခွဲ) တိုးမြှင့်ခံရသည့် ယခုနှစ်တွင် ကျောင်းသူ နှစ်ဦး ရေနစ်သေဆုံးသွားသဖြင့် တစ်ရွာလုံး စိတ်မကောင်း ဖြစ်နေကြရသည်ဟု အဆိုပါ မိန်းခလေးငယ်က ပြောဆိုသည်။







