မြန်မာနိုင်ငံရှိ ချင်းမျိူးနွယ်စုများအားလုံးအတွက် လက်ခံနိုင်သော ဘုံဓလေ့ထုံးတမ်းဥပဒေတစ်ခု ထွက်ပေါ်လာနိုင်မည် ဟု အမျိူးသမီးအခွင့်အရေးလှုပ်ရှားနေသည့် Ninu (Women in Action Group) အဖွဲ့ တာဝန်ခံ Mai Len Nei Cer ကပြောသည်။
ချင်းဓလေ့ထုံးတမ်းဥပဒေနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ချင်းပြည်နယ်မြို့တော် ဟားခါး CACC ခန်းမတွင် မေလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ကြပြီး ယခုလက်ရှိချင်းပြည်နယ်တွင် ကျင့်သုံးနေသည့် ချင်းဓလေ့ထုံးတမ်းဥပဒေများကို ပြန်လည်သုံးသပ်လေ့လာခဲ့ကြပြီးနောက် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဆွေးနွေးပွဲမှာ ပါသင့်တယ်ဆိုတဲ့အချက်အလက်တွေ၊ ဒီ Process ကနေ ကိုယ့်ရဲ လူမျိုးနွယ်စု ဘယ်လိုရှေ့ဆက်ပြီး ဆက်လုပ်ကြမလဲ၊ ကိုယ့်ရဲ့မျိုးနွယ်စုအလိုက် ဓလေ့ထုံးတမ်းတွေကို ပြန်ပြီးတော့ ဘယ်လိုမှတ်တမ်းတင်ကြမလဲ၊ မှတ်တမ်းတင်တဲ့ ဟာကို ပြန်စုပြီးတော့ Share လုပ်လို့ရတဲ့ဟာတွေ ပြန်စုပြီးတော့ ချင်းအားလုံးအတွက် Common ဖြစ်တဲ့ ဓလေ့ထုံးတမ်းဥပဒေ တစ်ခု ထွက်လာနိုင်ဖို့ အဲလို ပြုပြင်ဖို့အတွက် Advocacy လုပ်ကြမယ်”ဟု Mai Len Nei Cer ကပြောသည်။
ချင်းဓလေ့ထုံးတမ်းဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြီးခဲ့သည့် လွှတ်တော်အတွင်း ချင်းဝိသေသတိုင်းအက်ဥပဒေ ပြင်ဆင်မှုကော်မီတီဖွဲ့စည်းကာ မူကြမ်းရေးဆွဲသည့်အဆင့်ထိ ရောက်ရှိနေပြီဖြစ်သော်လည်း ယခုနောက်ပိုင်း အသံတိတ်နေသည့်အတွက် အသက်ဝင်လာစေချင်သည့်သဘောဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
Mai Len Nei Cer က “ချင်းတွေထဲမှာလည်း မျိုးနွယ်စုတွေများတော့ တခုနဲ့တခု မတူညီတဲ့အချက်လေးတွေရှိတယ်။ ဒီ workshop လုပ်ချင်းအားဖြင့် အချင်းချင်း မတူညီတဲ့အချက်တွေ နားလည်မှု၊ အချင်းချင်းလေးစားမှုတွေ ရှိလာဖို့ ကျမတို့ ရည်ရွယ်ပါတယ်။” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဥပဒေများကို အတည်ပြု အသိမှတ်ပြု ထားခြင်းမရှိသေးသည့်အတွက် ပါဝင်လာအောင် Advocacy ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ခိုနှုမ်းသုန်ကို ပြောပါသည်။
“လောလောဆယ်ကျတော့ မြို့နယ်အလိုက် မျိုးနွယ်စုအလိုက် တတ်နိုင်သလောက်လေးလုပ်ကြမယ်၊ ဆွေးနွေးချက် တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းပါတီတို့ကနေတဆင့် ဘယ်လို သယ်သွားနိုင်မလဲ ဆိုုတာဆွေးနွေးထားတာတော့ ရှိပါတယ်” ဟု သူကပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် ချင်း ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ကို ဘယ်လိုု် နားလည်ကြသည်၊ မည်သည့်အချက်များ ပယ်ဖျက်သင့် သည် ပါဝင်သင့်သည် စသည့်အချက်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ချင်း အက် (Act) ထဲမှာ ရေးထားတာက အမွေဆက်ခံခွင့်ဥပဒေဘဲ ရေးထားတာရှိသေးတယ်။ ပြီးခဲ့တဲ့ ပထမလွှတ်တော်တုန်းက လည်း မူကြမ်းဆွဲထားတာရှိတယ်၊ လွှတ်တော်ပို့ထားတာပေါ့နော်၊ အဲဒီမှာကြတော့ ထိမ်းမြှားခြင်းရယ်၊ ကွာရှင်းခြင်းရယ် ထည့်ထား တယ်၊ အခုကျတော့ ဓလေ့ထုံးတမ်းဥပဒေဆိုရင် ဘာတွေထည့်သင့်သလဲပေါ့။ မိသားစုနဲ့ဆိုင်တဲ့ အဲဒီဥပဒေတွေအပြင် တခြား သဘာဝပတ်ဝန်းကျင် သံယံဇာတ ထိန်းသိမ်းရေးတို့ ပြီးတော့ ဒီဓလေ့ထုံးတမ်းအရ အုပ်ချုပ်စီရင်ပုံ စသဖြင့် တချို့အကြောင်း လေးတွေလည်း ပါရှိပါတယ်” ဟု Mai Len Nei Cer ကပြောသည်။
ဟားခါးမြို့တွင် ၃ ရက်တာ ကျင်းပပြုလုပ်သည့် ချင်းဓလေ့ထုံးတမ်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ချင်းလူ့အခွင့်အရေးအဖွဲ့၊ ချယ်ရီဖောင်ဒေးရှင်းနဲ့ Ninu အဖွဲ့တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တစ်မြို့နယ်မှ ကိုယ်စားလှယ် လေးဦးစီအပြင် ချင်းပြည်နယ်ပြင်ပ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော် နှင့် ရန်ကုန် စသည်တို့မှ ကိုယ်စာလှယ်စုစုပေါင်း (၅၀) ခန့် ပါဝင်ခဲ့ကြသည်။
Ninu (Women in Action Group) အဖွဲ့သည် ချင်းဓလေ့ထုံးတမ်းများကို အမျိူးသမီးရှုထောင့်မှ သုတေသနပြုလုပ်ထားသည့် “ အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ” စာအုပ်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ယင်းစာအုပ်တွင် ချင်းအသိုင်းအဝိုင်းအတွင်း ပက်ထရီအာခီ(Patriarchy) စနစ်ဟုခေါ်သော သားတွေကသာ ဖခင်၏ မျိူးရိုး(သို့မဟုတ်) ဆွေမျိူးစုကို ဆက်ခံနိုင်ပြီး ဆုံးဖြတ်ချက်ချသည့်နေရာတွင် အမျိူးသမီးများအား ပါဝင်ခွင့်မပေးထားသည့်အပြင် အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြှားခြင်းနှင့် ကွာရှင်းပြတ်ဆဲခြင်းနှင့် အခြားသော နယ်ပယ်အသီးသီးတွင် အမျိူးသမီးများအား ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့်နေရာ၌ ပါဝင်ခွင့်မပေးထားကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ခေတ်စနစ်နှင့်လျော်ညီ်မှုမရှိတော့သော ဓလေ့ထုံးတမ်းအစဉ်အလာများကို ပယ်ဖျက်သင့်ပြီဖြစ်ကြောင်း ယင်းစာအုပ်တွင် ထောက်ပြထားပါသည်။







