မိန်ဗလာတောင် ဂျပန်ခေတ်စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်းတူးဖော်မှု ဒေသခံများစိုးရိမ်မှုဖြစ်ပေါ်

မိန်ဗလာတောင် ဂျပန်ခေတ်စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်းတူးဖော်မှု ဒေသခံများစိုးရိမ်မှုဖြစ်ပေါ်
 ဂျပန်ခေတ်စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်းတူးဖော်မှုရှေ့ပြေးစီမံကိန်း(photo/Facebook)
ဂျပန်ခေတ်စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်းတူးဖော်မှုရှေ့ပြေးစီမံကိန်း(photo/Facebook)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ မိန်ဗလာတောင်၌ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ်အဆောက်အဦနေရာများအား စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်းဟု ဆိုင်းဘုတ်တင်၍ စီမံကိန်းတာဝန်ရှိသူများမှအပ အခွင့်မရှိမဝင်ရ တားမြစ်နေရာသတ်မှတ်ထားပြီး ယန္တရားစက်များဖြင့်တူးဖော်နေမှုအပေါ် ဒေသခံများ စိုးရိမ်မှုဖြစ်ပေါ်နေရကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ဒေသခံ ကိုလင်းလင်းခိုင်က “ရာဘာခြံရှင်တွေက စိုးရိမ်တယ်၊ မိုင်းရှိလို့ပေါက်ကွဲခဲ့ရင် သူတို့ခြံတွေပျက်စီးမယ်၊ ရာဘာရဲ့ ရေသောက်မြစ်တွေလည်း ပျက်တာပေါ့နော်၊ အဲဒီနားမှာရှိတဲ့ ဘုန်းကြီးကျောင်းက သံဃာတော်တွေလည်း အိပ်လို့မရဘူး၊ ညဘက်ဆိုရင် ၁၂ နာရီအထိ ညဘက်ကြီးကလော်နေတယ်၊ ဝူးဝူး ဝူးဝူးနဲ့ဆိုတော့ သူတို့အိပ်လို့မရဘူး နောက် ယောဂီတွေလည်းရှိတယ်၊ အဲဒီအနီးအနားကို သွားတဲ့ခလေးတွေကိုလည်း လေးခွနဲ့ပစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယိုးဒယား-မြန်မာ သေမင်းတမန် မီးရထားလမ်းဖောက်လုပ်ခဲ့စဉ် အဆိုပါမိန်ဗလာတောင် ဂျပန်စစ်စခန်းဟောင်းဂူများတွင် စစ်ကျန်လက်နက်ပစ္စည်းများနှင့် အဖိုးတန်ရတနာများ ကျန်ရှိနေသည်ဟု ဒေသခံအများစု ယုံကြည်နေကြသည်ကို တွေ့ရှိရသည်။

“ဒီအထဲမှာ ရတနာရှိ၏ မရှိ၏ ကျနော်တို့နဲ့ မဆိုင်ဘူး၊ အန္တရာယ်ရှိနိုင်တဲ့အနေအထားမျိုးမှာ ပွင့်လင်းမြင်သာစွာ ရှိဖို့လိုတယ်၊ ဘယ်လောက်အတိုင်းအတာထိရှိလဲ၊ ကျနော်တို့သိချင်ကြတယ်၊ ဘယ်သူခွင့်ပြုတာလဲ ပြည်ထောင်စုက ခွင့်ပြုတာလား ပြည်နယ်က ခွင့်ပြုတာလား ပြည်နယ်ဝန်ကြီးချုပ်ခွင့်ပြုတယ်ဆိုရင် ခွင့်ပြုတဲ့စာကို ကျနော်တို့မြင်ချင်တယ် တွေ့ချင်တယ်”ဟု ကိုလင်းလင်းခိုင်က ဆက်ပြောသည်။

သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြှပ်နှံထားခဲ့သည့် စစ်ကျန်ပစ္စည်းများ ပျက်စီးမှုမှကာကွယ်ရန်၊ တရားမဝင်တူးဖော်သူများအား တားဆီးနိုင်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာမဆုံးရှုံးစေရန် ရည်ရွယ်ပြီး မိန်ဗလာတောင် ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများတူးဖော်နိုင်ရန် ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd  အား ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့က မွန်ပြည်နယ်အစိုးရမှ ကနဦးစူးစမ်းလေ့လာခွင့်ပြုထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောကြားမှုများ ရှိခဲ့သည်။

သံဖြူဇရပ်မြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ကိုထွန်းမြင့်ကျော်က “မိန်ဗလာတောင်မှာ ရတနာသိုက်တွေကို တွေ့ရှိတာမဟုတ်သေးဘဲ ဆက်လက်တူးဖော်လို့ဖြစ်မဖြစ် ပဏာမဆန်းစစ်တဲ့အနေအထားမှာပဲ ရှိတယ်၊  တူးနေတာပေါ့ ဆိုလိုတာက ကုမ္ပဏီတစ်ခုက ပရောဂျက်တင်တယ် သူ့ပရောဂျက်က တွေ့တဲ့အထိတူးတာမဟုတ်ဘူး၊ ဆိုလိုတာက ဂူအထဲတွေ့တဲ့အထိမဟုတ်ဘူး၊ ဂူပေါက်ဝ သို့မဟုတ် ဂူနံရံအထိ အဲလိုသဘောမျိုး၊ ဖြစ်နိုင်ခြေကို ဆန်းစစ်တဲ့အဆင့်ကို ခွင့်ပြုထားတာ” ဟု ပြောသည်။

၁၉၄၅ ခုနှစ်ဝန်းကျင်ကာလက ဂျပန်စစ်ရှုံး၍ထွက်ပြေးစဉ် မိန်ဗလာတောင်ဂူအတွင်း၌ စစ်လက်နက်များနှင့် ရွှေရတနာပစ္စည်းများကို ဂျပန်တို့မြှုပ်နှံခဲ့နိုင်ကြောင်း ထိုစဉ်ခလေးဘဝ ဂျပန်ဂူအနီးတဝိုက်နွားကျောင်းခဲ့သူ ဝယ်ကဝါကျေးရွာမှ အသက်ထင်ရှားရှိသည့်အဘိုးအိုတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...