ကျိုးပျက်သွားသည့် မြောက်ဦးနယ်ရှိ ခမောင်းတက်တံတား ပြန်လည်ပြုပြင်ရန် လိုအပ်နေ

ကျိုးပျက်သွားသည့် မြောက်ဦးနယ်ရှိ ခမောင်းတက်တံတား ပြန်လည်ပြုပြင်ရန် လိုအပ်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကန့်သရီနှင့် ခမောင်းတက်အကြား ပါးတော်ချောင်းကို ဖြတ်ထိုးထားသည့် ကို်ယ်ထူ ကိုယ်ထ တံတားအား ပြန်လည် ပြုပြင်တည်ဆောက်ရန် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

၎င်းတံတားမှာ ယခုလ ၁၅ ရက်နေ့ ညနေပိုင်းက စက်လှေဖြင့် ဆွဲလာသော ၀ါးဖောင်တစ်ခုမှ ဝင်တိုက်သွားသဖြင့် အလယ်တည့်တည့်မှ ကျိုးပျက်သွားခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ သရက်တော ကျေးရွာမှ ကိုတက်တိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဒီတံတားက ဒီဒေသမှာ အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ သစ်၊ ၀ါး၊ ကွမ်းသီးပင်တိုင်တွေနဲ့ တည်ဆောက် ထားတာ ၆ နှစ်လောက်ရှိပါပြီ။ ဒီတံတားကို စက်လှေနဲ့ ဆွဲလာတဲ့ ၀ါးဖောင်က အလယ်တည်တည့်က ဝင်တိုက်သွားတဲ့ အတွက် ကျိုးကျသွားပါတယ်။ အခု သွားရေး လာရေး ခက်ခဲနေကြပါတယ်။ ချောင်းကို လှေနဲ့ ကူးပြီးသွားလာနေကြပါတယ်” ဟု သူက ပြောသည်။

ယခုအခါ ၎င်းတံတားအား ပြန်လည် ပြုပြင်နေကြောင်း၊ ၀ါးဖောင်ပိုင်ရှင်များမှ ငွေ ၂ သိန်းလျော်ကြေးပေးခဲ့ကြောင်း၊ ပြုပြင်နေသည်မှာ ၅ ရက်ခန့်ရှိနေပြီ ဖြစ်သော်လည်း မပြီးစီးသေးကြောင်း၊ အကူအညီများရရှိပါက ပိုမိုခိုင်ခန့်အောင် ပြုပြင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ ကန့်သရီ အုပ်စုမှာ ရွာသုံးရွာ ရှိပါတယ်။ ကန့်သရီ၊ သရက်တောနဲ့ မုချာ ရွာတို့ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ မူလတန်းသာရှိတဲ့ အတွက် ကျွဲတဲ အထက်တန်းကျောင်းကို ဒီတံတားကို ဖြတ်ပြီး ကလေးတွေ သွားကျောင်းတက်ကြရပါတယ်။ အခုကျောင်းဖွင့်ချိန်လည်း နီးနေတော့ တံတားကို အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်ဖို့ လိုအပ်နေပါတယ်” ဟု သူက ပြောသည်။

ကန့်သရီအုပ်စုမှ ကျွဲတဲ အထက်တန်းကျောင်းသို့ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

၎င်းခမောင်းတက်တံတားကို အနီးအနားရှိ ရွာ ၅ ရွာမှ အသုံးပြုနေသည့် တံတား ဖြစ်ပြီး မြောက်ဦးမြို့သို့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် တည်ရှိသဖြင့် ဒေသအတွက် အရေးပါသော တံတားငယ် တစ်စင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“ ဒီတံတားက အမှန်ဆို ခိုင်ခိုင်ခန့်ခန့်နဲ့ ဖြစ်သင့်ပါတယ်။ ကွန်ကရစ်တံတား မဟုတ်ရင်တောင်မှ ကြိုးတံတားလောက် ဖြစ်သင့်ပါတယ်။ ပြည်နယ် အစိုးရကို အကြိမ်ကြိမ် တင်ပြပေမယ့် သူတို့က စိတ်မဝင်စားပါဘူး။ အစိုးရက တာဝန်ယူ လုပ်ပေးနိုင်ရင်တော့ အထူး ကောင်းမွန်မှာ ဖြစ်ပါတယ်”ဟု ကိုတက်တိုးက ပြောဆိုသည်။

တံတားမပျက်မီက ဆိုင်ကယ်များကို တံတားပေါ်မှ တွန်းယူရန်အဆင့်ထိသာ ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ဆိုင်ကယ်၊ သုံးဘီးအဆင့်ထိ မောင်နှင်နိုင်သည့် တံတားအမျိုးအစား ဖြစ်ပါက သွားရေး လာရေး လွယ်ကူသွားမည့် အပြင် ဒေသ စီးပွားရေးကိုလည်း အကျိုးပြုနိုင်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...