ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရပြီးနောက်ပိုင်း ရက္ခိုင့်တပ်မတော် (အေအေ)နှင့် ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) အရ တရားစွဲဆိုခံထားသော တိမ်ညိုရွာသား သုံးဦးသည် ယနေ့ တရားရှင် လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။
၎င်းလွတ်မြောက်လာသူ ၃ ဦးမှာ မြောက်ဦးမြို့နယ် တိမ်ညိုရွာမှ ကျော်မြင့်၊ မောင်ဝင်းလှိုင်၊ အေးကျော်ထွန်းတို့ ဖြစ်ကြသည်။
သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအမျိုးသမီး ဒေါ်အေးနုစိန်က “ သူတို့ သုံးဦးက မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရပြီးတဲ့ နောက်မှာ ရန်ကုန်မြို့မှာ အဖမ်းခံရတဲ့ ဦးကျော်မြင့်ကနေ အေအေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ထုတ်ဖော် ပြောဆိုတဲ့ အတွက် အဖမ်းခံခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) အရ တရားစွဲဆိုထားတာပါ။ ဒီကနေ့ မြောက်ဦးမြို့နယ် တရားရုံးက စွဲချက်မတင်ဘဲ တရားရှင် လွတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
သူတို့အား တပ်မတော်မှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးမှ မြောက်ဦးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ရာဇဝတ်ကြီး အမှုအမှတ် (၃၄/ ၂၀၁၈) မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြသည်။
“ သူတို့က အချုပ်ထဲမှာ ၄ လနီးပါး ထိန်းသိမ်းခံခဲ့ရပါတယ်။ သူတို့က ဘာမှ ပါဝင်ပတ်သက်မှု မရှိတဲ့ အတွက် ခုလို တရားရှင် လွတ်ပေးလိုက်တာပါ” ဟု ဒေါ်အေးနုစိန်က ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် ၃၀-၁-၂၀၁၈ ရက်နေ့ ညနေပိုင်း စစ်တွေသို့ ကားဖြင့် လာရောက်စဉ် ပုဏ္ဏားကျွန်းမြို့အဝင် ရန်ကုန်-စစ်တွေကားလမ်း (မိုင်တိုင် ၁၆၉/၀-၁ ) တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဦးဘိုဘိုမင်းသိုက် စီးလာသော ကားမှာ ယခင် တိမ်ညို ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ကျော်မြင့်(ခ)ခိုင်ကျော် မောင်းနှင်အသုံးပြုနေသည့် လိုင်စင်မဲ့ Odyssey အမျိုးအစား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ကျော်မြင့်(ခ)ခိုင်ကျော်(၄၇)နှစ် တိမ်ညိုကျေးရွာ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းဌေး(ခ)မင်းသန်းထိုက်၊ ၎င်း၏ဇနီး ခိုင်ဇာလိူင်တို့နှင့် အတူ ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးခဲ့သည်။
ကျော်မြင့်(ခ)ခိုင်ကျော်အား စိစစ်ဖော်ထုတ်ရာတွင် ကျော်မြင့်၊ မောင်ဝင်းလှိုင်၊ အေးကျော်ထွန်း တို့မှာ အေအေနှင့် ဆက်စပ်သည်ဟု ထုတ်ဖော်ပြောဆိုသဖြင့် ဖမ်းဆီးခံခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။







