သံတွဲမြို့နယ်တွင် နေအိမ် ၈ လုံးအား ရက်၂ဝအတွင်း ဖြိုဖျက်ပြောင်းရွှေ့ရန် ဖိအားပေးခံနေရ၍ အခက်ကြုံ

သံတွဲမြို့နယ်တွင် နေအိမ် ၈ လုံးအား ရက်၂ဝအတွင်း ဖြိုဖျက်ပြောင်းရွှေ့ရန် ဖိအားပေးခံနေရ၍ အခက်ကြုံ
by -
စံမောင်သန်း
 ပြောင်းရွှေ့ရန် ဖိအားပေးခံနေရသည့် အိမ်များ (photo- Narinjara)
ပြောင်းရွှေ့ရန် ဖိအားပေးခံနေရသည့် အိမ်များ (photo- Narinjara)

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ခမောင်းတုံးအုပ်စု ဒေါ်မျှရွာသစ်တွင် နေထိုင်သော မိသားစု ၈ စု လူပေါင်း ၂၈ ဦး နေထိုင်သည့် နေအိမ် ၈ အိမ်အား အဆိုပါနေရာမှ ရက် ၂၀ အတွင်း ပြောင်းရွှေ့ရန် သစ်တောဌာနမှ ဖိအားပေးနေသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။

အဆိုပါ ဒေါ်မျှကျေးရွာသစ်တွင် နေထိုင်သူများတွင် မောင်တောဘက်မှ ပြောင်းရွှေ့လာသူ အိမ်ထောင်စု ၄ စုနှင့် အနီးအနားမှ ပြောင်းရွှေ့လာသူ အိမ်ထောင်စု ၄ စုရှိပြီး နဂိုရွာဟောင်း၏ ကားလမ်းတစ်ဘက်တွင် အိမ်ဆောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“ဒီမှာ ဘူးသီးတောင် မောင်တောဘက်က ပြောင်းရွှေ့လာသူတွေလည်း ပါပါတယ်။ အရင်တုန်းက ဒီနေရာမှာ ကယ်ဆယ်ရေးစခန်းလည်း ဖွင့်ခဲ့ပါတယ်။ သူတို့ မိမိဒေသကို မပြန်ချင်ပဲ ဒီနေရာမှာပဲ လုပ်စားချင်နေကြတာပါ။ သစ်တောနဲ့ မြေစာရင်းက လူကြီးတွေလာပြီးတော့ အိမ်တွေကို အဓမ္မဖြိုခိုင်းနေပါတယ်”ဟု အဆိုပါကျေးရွာတွင် နေထိုင်သူ ဦးမျိုးလွင်က ပြောသည်။

ရွာသားများ အနေဖြင့် အဆိုပါရွာသစ်တွင် နေထိုင်လာသည်မှာ ၄ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း အကြောင်းပြချက် မရှိဘဲ ဒေါ်မျှရွာဟောင်းရှိ ရွာသားများ မစင်စွန့်သည့် နေရာသို့ ရက် ၂၀ အတွင်း ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေးခံနေရသည်ဟု ဆိုသည်။

“ဘာကြောင့် ရွှေ့ပြောင်းခိုင်းတယ်ဆိုတာကို သူတို့ မရှင်းပြပါဘူး။ ကျွန်တော်တို့ အခု နေထိုင်တာက ကြိုးစင်ကာကွယ်တောလို့ သိရပါတယ်။ အခုက မိုးရာသီနဲ့ နီးကပ်နေပြီဖြစ်ပြီးတော့ အိမ်တွေ ပြောင်းရွှေ့ ဆောက်ဖို့ ဆိုတာလည်း ဖြစ်နိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ ဒီမှာပဲ ဆက်နေချင်ပါတယ်”ဟု ဦးကိုကိုလွင်က ဆက်ပြောသည်။

အဆိုပါရွာသစ်တွင် နေထိုင်သူများကို ရွာဟောင်းတွင် နေထိုင်နေသူများက စောဒကတက် ပြောဆိုမှုလည်း တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

“ရွာခံသားတွေကတော့ ဘာမှ ပြောကြားတာ မရှိပါဘူး။ နဂို ရွာဟောင်းနေရာနဲ့ သံတွဲဘက်ကို သွားတဲ့ ကားလမ်းမကြီးတစ်ခုသာ ခြားပြီးတော့ အိမ်မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေတာပါ။ ကျနော်တို့က ကားလမ်းရဲ့ အရှေ့ဘက်မှာ နေထိုင်နေကြတာပါ”ဟု ဦးကိုကိုလွင်က ပြောသည်။

သူတို့ အနေဖြင့် ပြောင်းရွှေ့ အိမ်ပြန်ဆောက်ရန် ငွေကြေးမတတ်နိုင်သည့်အပြင် သစ်တောဌာနက နေရာချပေးသောနေရာမှာ ရွာသားများ မစင်စွန့်သည့်နေရာဖြစ်နေသည့်အတွက် သူတို့အတွက် နေထိုင်ရန် အဆင်မပြေနိုင်ဟု ရွာသားများက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံတွဲမြိဲ့နယ် သစ်တောဌာနသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသဖြင့် သစ်တောဌာန၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...