မီးဘေးသင့်ဝဘော်ကြီးရွာသို့ လူမှုကူညီမှုအသင်းများမှ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

မီးဘေးသင့်ဝဘော်ကြီးရွာသို့ လူမှုကူညီမှုအသင်းများမှ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း
by -
စိုးဇံအောင်(တောင်ကုတ်)

မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာမှ မီးဘေးသင့်ရွာသူ/ရွာသားများအတွက် စားနပ်ရိက္ခာများကို သင်္ဂဟကမ်းလက် ရက္ခိတအသင်းနှင့်မြေပုံမြို့ကရုဏာနာရေးကူညီမှုအသင်းတို့မှ ယနေ့မေလ ၁၄ ရက်နံနက်တွင် စုပေါင်း၍သွားရောက်လှူဒါန်းခဲ့ကြောင်း မြေပုံမြို့ကရုဏာနာရေး ကူညီမှု အသင်း နာယက ဆရာတော် အရှင်ဣန္ဒစာရက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

"ဆရာတော်တို့တွေ ဒီမနက်သွားရောက်ပြီး မီးဘေးသင့် ရွာသားတွေအတွက် လိုအပ်နေတဲ့ စားနပ် ရိက္ခာတွေကို လှူ ဒါန်းခဲ့ပါတယ်။ သင်္ဂဟကမ်းလက် ရက္ခိတ ပရဟိတအဖွဲ့နဲ့ ဆရာတော်တို့ ကရုဏာနာရေး ကူညီမှုအသင်းက ပူးပေါင်းပြီးသွားရောက်လှူ ဒါန်းခဲ့တာပါ" ဟု ဆရာတော် ကမိန့်ကြားသည်။

မီးဘေးသင့်ရွာသားများကို လှူဒါန်းရာတွင် ကရုဏာနာရေးကူညီမှုအသင်းမှ ဆန် ၃၅ အိတ်နှင့် ငါးခြောက်၊ ငရုတ်သီး စသည့်အစားအသောက်ပစ္စည်း စုစုပေါင်း ကျပ်ငွေ ၁၀ သိန်းကို လှူဒါန်းခဲ့ပြီး သင်္ဂဟကမ်းလက်ပရဟိတအဖွဲ့မှ ဆန် ၁၀ အိတ်နှင့် အခြား စားသောက်ကုန်ပစ္စည်း စုစုပေါင်း ကျပ်ငွေ ၁၀ သိန်းဖိုး လှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဝဘော်ကြီးကျေးရွာမီးဘေးသင့်ရွာသားမျာမှာ ဘုန်းကြီးကျောင်း၊ ဇရပ်နှင့် စာသင်ကျောင်း များတွင် ခိုလှုံနေရပြီး လူဦးရေစုစုပေါင်း ၁၀၀ ကျော်ခန့်ရှိကြောင်း သင်္ဂဟကမ်းလက် ရက္ခိတအသင်းမှ ကိုအမ်းသားကြီးကနိရဥ္စရာသတင်းဌာနသို့ပြောကြားသည်။

"မီးဘေးသင့်ရွာသားတွေကအခုလောလောဆယ်မှာ ဘုန်းကြီးကျောင်းနဲ့ ဇရပ်မှာနေတာကို မြင်ခဲ့ရပါတယ်။ စုစုပေါင်း ၁၀၀ ကျော်လောက်တော့မြင်ခဲ့တယ်" ဟုကိုအမ်းသားကြီးက ပြောသည်။

ဝဘော်ကြီးကျေးရွာတွင်စုစုပေါင်းအိမ်ခြေ ၁၇၉ ဆောင် ရှိပြီး မေလ ၁၂ ရက်နေ့ ည ၁၁ နာရီ ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေထိုင်သည့်အိမ် ၉၄ လုံး၊ လူမနေဘဲ ပစ္စည်းများထားရှိသည့် အိမ် ၄၄ လုံး စုစုပေါင်း၁၃၈အိမ်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးမလောင်ဘဲကျန်ရှိအိမ်ခြေ ၄၁ လုံးဖြစ်ကြောင်း ဝဘော်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းဝင်းကနိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...