မြောက်ဦးသမိုင်းကြောင်းကို ရိုက်ကူးထားသည့် “My Hidden City (Mrauk U)”ရုပ်ရှင် ပြသရှင်းလင်းမှု ရန်ကုန်တွင် ပြုလုပ်

မြောက်ဦးသမိုင်းကြောင်းကို ရိုက်ကူးထားသည့် “My Hidden City (Mrauk U)”ရုပ်ရှင် ပြသရှင်းလင်းမှု ရန်ကုန်တွင် ပြုလုပ်
by -
စံမောင်သန်း

မြောက်ဦးသမိုင်းကြောင်းနှင့် ရခိုင်ယဉ်ကျေးမှုကို နိုင်ငံတကာနှင့် မြန်မာနိုင်ငံသားများ သိရှိစေရန် ရည်ရွယ်လျက် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း နှင့် Mr Kimball Gallagher တို့ တာဝန်ယူရိုက်ကူးထားသည့် “My Hidden City (Mrauk U)” ၆ မိနစ်စာ ရုပ်ရှင် (Film) ပြသရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

“ဒီလိုပြသရတာကတော့ နိုင်ငံခြားသားတွေ သိရှိဖို့ရယ်၊ မြောက်ဦးမြို့ဆိုတာ ဘယ်လို မြို့လဲ ဆိုတာကို သူတို့လည်း လာပြီးကြည့်လို့ ရအောင်လို့ ပြသတာပါ။ ခရီးသွား ရည်ရွယ်ချက် ပါတဲ့အပြင် မြန်မာနိုင်ငံသားတွေကိုလည်း မြောက်ဦးဆိုတာ ကိုယ့်သမိုင်းနဲ့ကိုယ် ဆိုတာကို ပြောချင်တာပါ။ ရခိုင်နိုင်ငံတော် တည်ရှိခဲ့တဲ့အခါက မင်းနေပြည်တော်ဖြစ်ခဲ့တယ်ဆိုတာကို နန်းရာကုန်းကိုလည်း ပြသတဲ့ သဘောမျိုးပါ”ဟု ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာ တင်မာအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်သမိုင်းကို ကျောင်းစာများတွင် မသင်ရသဖြင့် အများက ရခိုင်သမိုင်းကို မသိဘဲ ဖြစ်နေသဖြင့် သိစေချင်သည့်အတွက် ယင်းသို့ ပြသရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရခိုင်သမိုင်းကို ကျောင်းမှာ မသင်ရအတွက် ရခိုင်သမိုင်းကို လူတွေက မသိဖြစ်နေကြပါတယ်။ ရခိုင်က မြို့ အငယ်လေးမဟုတ်ဘူး။ ကိုယ့်နိုင်ငံနဲ့ ဒီလိုမျိုး မင်းနေပြည်တော် ရှိတယ်ဆိုတာကို အများသိစေချင်တဲ့အတွက် ပြသရခြင်းလည်း ဖြစ်ပါတယ်”ဟု ဒေါက်တာတင်မာအောင်က ပြောသည်။

၄င်းက ဆက်လက်၍ “အဲ့ဒါတွေက ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဘုရား ပုထိုး တွေလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးက ရှိခဲ့တာတွေ၊ ကိုယ့်ဓလေ့ထုံးစံနဲ့ကိုယ် နေထိုင် နေကြပြီးတော့ ရခိုင်လူမျိုးတွေဟာ သူတို့ထင်နေသလိုမျိုး မဟုတ်ဘူး၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အေးအေးလူလူ နေကြတယ်ဆိုတာကို ပြချင်တဲ့သဘောပါ”ဟု ပြောသည်။

အဆိုပါ Film ကို မြန်မာလူမျိုး ဒါရိုက်တာ ဝဏ္ဏကျော်နှင့် အမေရိကန်လူမျိုး ဒါရိုက်တာ Mr Barry Pousman တို့ ပူးပေါင်း ရိုက်ကူးထားခြင်းဖြစ်ပြီး၊ ရခိုင်ရှေးဟောင်း သမိုင်းကြောင်းကို အဖိုးဦးသာထွန်းမြေး စောနန်းအိသျှန်က သူမ၏အဖိုး၊ အဖနှင့် အကိုတို့က ပြောပြခဲ့သည်များကို လိုက်ပြသည်ကို ရိုက်ကူးထားသည်ဟု ဆိုသည်။

ရုပ်ရှင်နောက်ခံ ဂီတများကို အမေရိကန်လူမျိုး စန္ဒယားပညာရှင် Mr Kimball Gallagher က ရခိုင့်ရိုးရာ ဂီတအပေါ် အခြေခံ ရေးဖွဲ့တီးခတ်ပြီး၊ ရခိုင်လူမျိုး ဂီတပညာရှင် ဝင်းကိုခိုင်၏ ရခိုင်ရိုးရာပုလွေမှုတ် ဒူရိယာသံများနှင့် ယုဇန စည်တော်ဝိုင်းတို့၏ တီးခတ်မှုများကို ထည့်သွားထားသည်ဟု သိရသည်။

“အဲ့ဒီရိုက်ကွက်ထဲမှာ ရခိုင်လူမျိုးတွေက ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနေကြတာတွေ၊ ဆွမ်းပို့တာတွေ၊ ငရုပ်ကြိတ်တာတွေ၊ နန်းတော်ရာဘေးမှာ စက်ဘီးစီးတာတွေကို ပြပါတယ်။ ပြီးတော့ ရှေးဟောင်း သုတေသန အနေနဲ့ နန်းတော်ရာမှာ သုတေသန လုပ်နေတာတွေ ပါဝင်ပါတယ်”ဟု ဒေါက်တာ တင်မာအောင်က ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့ရှိ ဘုရားပုထိုး စေတီများကို ဒရုန်းဖြင့်ရိုက်ကူးထားသည်များ ပါဝင်ပြီး ထိုအထဲအတွင် သျှစ်သောင်း ပုထိုးအတွင်း ရိုက်ကွက်၊ ထုက္ကန်သိမ်၊ ရတနာပုံနှင့် အံတော်သိမ်တို့ကို အနည်းငယ်စီ ရိုက်ကူးထားသည်များလည်း ပါဝင်သည်ဟု သိရသည်။

အဆိုပါ ရုပ်ရှင် (Film) သည် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်နေမှုတွင်လည်း အထောက်အကူ ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်သည်ဟု ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာတင်မာအောင်က ဆိုသည်။

၄င်းရုပ်ရှင် (Film) ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မေလ ၁၅ ရက်နေ့၌ ပြုလုပ်မည့် ဖိုရမ်၌လည်းကောင်း၊ မေလ ၃၀ ရက်နေ့တွင် မြောက်ဦးမင်းသမီးဟိုတယ်၌ လူထုကိုရှင်းလင်းပွဲပြုလုပ်ရာတွင်လည်းကောင်း ပြသသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...