ရခိုင်ပြည်နယ် မြို့တော်စစ်တွေ စည်ပင် သာယာလှပရေးအတွက် အသစ်တက်လာသော ပြည်နယ် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သည် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စစ်တွေမြို့မိမြို့ဖ၊ စည်ပင်ကော်မတီ၏ တာဝန်ရှိသူများနှင့် မေ ၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “စစ်တွေမြို့ စည်ပင်လှပရေးအတွက် ပေါ့နော်။ အဲဒီခေါင်းစဉ်အောက်မှာ မြို့မိမြို့ဖတွေရဲ့ သဘောထားတွေက ဘယ်လိုရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမြင်တွေက ဘယ်လိုရှိတယ်။ နောက်စည်ပင်ကော်မတီစတဲ့ သူတွေရဲ့ အကြံအဉာဏ်တွေက ဘယ်လိုရှိတယ်။ စတာတွေကို သိလိုတဲ့ အတွက် ခုလို တွေ့ဆုံဆွေးနွေးရတာ ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ထိုသို့ ဆွေးနွေးရာတွင် စစ်တွေမြို့မ စျေးကြီး သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ စစ်တွေမြို့ လမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းရေး၊ အမှိုက်များကို စနစ်တကျ သိမ်းဆည်း လွှင့်ပစ်ရေး၊ ကား၊ ဆိုင်ကယ်နှင့် ဆိုက်ကားများ စနစ်တကျ ရပ်နားရေး စသည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ တင်ပြချက်တွေထဲက ရှုပ်ထွေးနေတဲ့ စစ်တွေစျေးကြီးကိစ္စ။ စျေးရောင်းသူတွေကို ကျနော်တို့က သပ်သပ်ရပ်ရပ် နေရာချထားပေးမှာ ပေါ့နော်။ အဲ့ဒီလို ချထားပေးနိုင်ဖို့ အတွက်လည်း BXT ကုမ္ပဏီက မြေဖို့နေတဲ့ မြေယာဖော်ထုတ်ရေး စီမံကိန်းထဲက မြေ ၂ ဧက ရဖို့ရှိပါတယ်။ အဲဒီ မြေရတာနဲ့ အဆောတလျင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ဆွေးနွေးဆုံးဖြတ်ချက်လေးကို အကောင် အထည်ဖော် ဆောင်ရွက်သွားပါမယ်”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ယမန်နေ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စစ်တွေမြိုမိ မြို့ဖဥက္ကဋ္ဌက ဦးမောင်သာစိန်ကလည်း “စျေးလမ်းမှာ ဆိုင်ခန်းတွေပြွတ်သိပ်နေတာတွေ၊ ဆိုင်ကယ်ထားတဲ့နေရာ စနစ်တကျ မရှိတာတွေ၊ တွန်းလှည်းနဲ့ သုံးဘီးဆိုင်ကယ်တွေ ရှုပ်ထွေးနေမှုကိုလည်း တင်ပြခဲ့ကြပါတယ်”ဟု ပြောသည်။
ယင်းအပြင် စစ်တွေမြို့ပေါ်၌ ယာဉ်ကြောကြပ်တည်းသည့် လမ်းများကို ပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ဥပမာပြောရရင် ယဉ်ကျေးမှု ပြတိုက်အနီးမှာတည်ရှိတဲ့ စျေးထွက်လမ်းမှာ မကြာခဏ ယာဉ်ကြော ကြပ်တည်းမှုတွေ ကြုံရတယ်။ အဲဒီဟာတွေကို ယာဉ်ကြောကြပ်တည်းမှု မဖြစ်ရအောင် စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်စည်ပင်ဝန်ကြီးက ပြောသည်။
ယာဉ်ကြောကြပ်တည်းမှုမဖြစ်ရအောင် မြို့သူမြို့သားများအနေဖြင့် လမ်းသို့ကျော်၍ အဖီထိုးမှုများ ဆင်ခြင်ရန် လိုအပ်ပြီး၊ အမှိုက်များကို သတ်မှတ်ထားသည့်နေရာနှင့် အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ရန်လိုအပ်ကြောင်း၊ သူ့အနေဖြင့် ပြည်သူများ၏ ဆန္ဒကိုလေ့လာ၍ ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ဆောင်သွားမည်ဟု ပြည်နယ်စည်ပင်ဝန်ကြီးအသစ်က ဆက်လက်ပြောကြားသည်။
စစ်တွေမြို့ တွင်နေထိုင်သည့် ဒေါ်သန်းသန်းဌေးက “ ကျွန်မတို့ ပြည်သူ တစ်ယောက်အနေနဲ့ စည်ပင် ဝန်ကြီးကို တင်ပြချင်တာက စစ်တွေပွိုင့်မှာ ညကျရင် မီးတိုင်တွေမှာ မီးမလင်းဘဲ ဖြစ်နေတယ်။ နောက်တစ်ခုက အမှိုက်တွေကို မြင်တဲ့ နေရာမှာ ပစ်ထားတာကိုတွေ့ရတယ်။ စစ်တွေကို လာလည်တဲ့ ဧည့်သည်တွေအားလုံးလိုလိုက ပွိုင့်ကို သွားလည်ကြတယ်။ ဒီအတွက် စစ်တွေပွိုင့်မှာ မီးတွေ ပြန်လင်းအောင်နဲ့ အမှိုက်တွေကို စနစ်တစ်ကျ သိမ်းဆည်းပေးဖို့ တင်ပြချင်ပါတယ်။ စစ်တွေပွိုင့်ကို စနစ်တကျ ထိန်းသိမ်းပေးဖို့ ကျွန်မတို့ လိုလားပါတယ်” ဟု နိရဥ္စရာမှ စည်ပင်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ပြောကြားသည်။
၎င်းပြင် စစ်တွေမြို့တွင်း လမ်းများကို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြင်တင်နေသည်ကို တွေ့ရ၍ ဝမ်းသာကြောင်း၊ ကွန်ကရစ်လမ်းခင်းရာတွင် လမ်းကို တစ်ပေခန့်ထိ မြင့်တင် ခင်းထားသည်ကို တွေ့ရကြောင်း၊ လမ်းများမြင့်သည့်နည်းတူ ရေမြောင်းများကိုလည်း မြင့်တင်သည်ကို တွေ့ရကြောင်း၊ ထိုသို့ မြောင်းများကို မြင့်တင်လိုက်သဖြင့် ရေစီးရေလာမကောင်းဘဲ မိုးရွာသည်နှင့် လမ်းများကို ရေမြုပ်နေသဖြင့် လမ်းဘေး ရေနှုတ်မြောင်းများကို စနစ်တကျ တည်ဆောက်ပေးစေလိုကြောင်း ပြောကြားသည်။







