မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်ကြသော စစ်ဘေးဒုက္ခသည်အများစုမှာ မိမိနေရပ်ဒေသသို့ ပြန်သွားကြကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအနည်းက မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana က မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ရှိနေသေးကြောင်း ပြောခဲ့ပေမယ့် လတ်တလော ပြန်တဲ့သူတွေအများအပြားရှိနေသောကြောင့် လက်ရှိအခြေအနေမှာ မီဇိုရမ်တွင် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် ၃၀၀ ခန့်သာ ရှိမည်ဟု ဒုက္ခသည်ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဦးက ခိုနှုမ်းသုန်သတင်းဌာနကို ပြောပါတယ်။
မြန်မာအစိုးရအနေဖြင့် ဧပြီလကုန်အတွင်း ပြန်လာသည့် ဒုက္ခသည်များသာ လက်ခံမည်ဟုသိရှိရသောကြောင့် ယခုလို မိမိနေရပ် ဒေသကို ပြန်သွားကြတဲ့ မိသားစု များပြားလာရခြင်းဖြစ်တယ်လို့ ဆက်ပြောပါတယ်။
“ဧပြီလကုန်အထိဘဲ မြန်မာအစိုးရက လက်ခံမယ်လို့ ကျနော်တို့ သိရတယ်။ ဒါကို ယုံတဲ့သူက ပြန်တယ်၊ မယုံတဲ့သူတွေက မပြန်ဘူး ယခုချိန်ထိ ကျန်ရှိနေသေးတယ်။”
ဆက်လက်၍ “နေ့တိုင်းလိုလို ဒုက္ခသည်အိမ်ထောင်မိသားစု လေးစု၊ ငါးစုလောက် ပြန်ကြတယ်၊ အရင် မြိတ်ဝကျေးရွာ ဒုက္ခသည်စာရင်းအရ အိမ်ခြေ ၉၁ အိမ်ရှိရာကနေ ယခုဆိုရင် ၆၃ အိမ်ခြေဘဲ ရှိတော့တယ်။ ပြန်တဲ့သူတွေ အရမ်းများတယ်။ ကိုယ့်ဒေသမှာ လုံခြုံမှုအပြည့် အဝရှိနေလို့ ပြန်တာမျိုးတော့မဟုတ်ဘူး ကိုယ့်မြေ၊ ကိုယ့်အိမ် ရှုံးဆုံးမှာဆိုးလို့ ပြန်သွားကြတာ ဖြစ်တယ်” လို့ ဆက်ပြောပါတယ်။
အဆိုပါကိစ္စကြောင့် စစ်ဘေးဒုက္ခသည်စခန်းအတွင်း လင်မယားအကြား သဘောထားကွဲလွဲမှုများရှိပြီး လင်မယားအကြား စကားများခြင်း ညတိုင်းလိုလို ကြားနေရတယ်လို့ စစ်ဘေးဒုက္ခသည် မောင်ပိန်က ယခုလို ပြောပါတယ်။
“မိန်းမက ပြန်ချင်တယ်၊ ယောကျင်္ားက မပြန်ချင်ဘူး၊ ယောကျင်္ားက ပြန်ချင်တယ်၊ မိန်းမက မပြန်ချင်ဘူး ဒီလို သဘောထား ကွဲလွဲမှုလေးတွေ ရှိကြတယ်။ တချို့က အခြေအနေလေး စောင့်ကြည့်ချင်သေးတဲ့အတွက်ကြောင့် လင်မယားကြား ခဏခဏ စကားများကြတယ်။ လူက ဒီဘက်မှာနေပေမယ့် စိတ်က မြန်မာပြည်ရောက်နေတဲ့ မိသားစုထဲမှာ ပူပင်သောကရောက်ရတယ်။”
ယင်းကိစ္စနဲ့ပတ်သက်ပြီး ပလက်ဝမြို့နယ် မြိတ်ဝဒေသကို ပြန်သွားတဲ့ စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက ခိုနှုမ်းသုန်သတင်း ဌာနကို ယခုလို ပြောပါတယ်။
“ကျမတို့ကတော့ ပြန်တော့မယ်၊ လုံခြုံမှုအပြည့်အဝရှိလို့တော့မဟုတ်ဘူး၊ ဒီဘက်မှာနေရင်လည်း မထူးဘူး၊ မထူးတဲ့အတူတူတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာဘဲ နေချင်တယ်။”
လတ်တလော ဒုက္ခသည်များအတွင်း ကိုယ့်ဒေသကို ပြန်သွားကြသည့် မိသားစု အများအပြားရှိပေမယ့် မနက်ဖြန်မှာ ဘာဖြစ်မယ် ဆိုတာ ပြောလို့မရတဲ့အတွက် ကျနောကတော့ မပြန်ချင်သေးဘူးလို့ စစ်ဘေးဒုက္ခသည် ကိုသန်းဝင်းက ယခုလို ပြောပါတယ်။
“စစ်ဆိုတာ ပြောလိုမရသလို မနက်ဖြန်ဘာဖြစ်မလဲဆိုတာလဲ ပြောလို့မရတဲ့အတွက်ကြောင့် တကယ်လို့ နောက်တစ်ခါ ပြန်ဖြစ်ခဲ့ရင် မလွယ်တော့ဘူး ထွက်ပြေးမယ့်နေရာတောင် ရှိမှာမဟုတ်တော့ဘူး၊ ဒါကြောင့် မပြန်ချင်သေးတာဖြစ်တယ်” လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒုက္ခသည်စခန်းတည်ရှိရာ Hmawngbuchhuah ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသားဦး ကလည်း ဒုက္ခသည်ကိစ္စနဲကပတ်သက်ပြီး ပြန်ပါလို့လဲ မပြောချင်ဘူး၊ မပြန်နဲ့လို့လဲ မပြောချင်ဘူး။ မပြန်နဲ့လို့ပြောရအောင်လည်း ဒီဘက်မှာ ဘယ်လိုနေမလဲ၊ ဘယ်လို စားမလဲ၊ ကိုယ်က ကူညီနိုင်တာလည်းမရှိဘူးလေ။ ပြန်ကျလို့ ပြောရအောင်လည်း ဟိုဘက်မှာ လုံခြုံမှုက အပြည့်အဝမရှိသေးတော့ ပြန်တယ်မပြန်ဘူးဆိုတာက သူတို့ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
ယခုလက်ရှိ စစ်ဘေးဒုက္ခသည်စာရင်းအရ အိမ်ခြေ ၈၀ ခန့်နှင့် လူဦးရေ ၂၀၀ - ၃၀၀ ခန့်သာ ကျန်တော့ကြောင်း သိရသည်။ ၄င်းစာရင်းအရ မြိတ်ဝ ၆၃ အိမ်၊ စတင်ဝ ၆ အိမ်၊ ဖွေလက်ဝ ၆ အိမ် နှင့် ငွေလက်ဝ ၈ အိမ် တို့ဖြစ်သည်။







