ကလေးမြို့နယ် ဆည်ကြီးချောင်းတွင် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ သဲနှင့်ကျောက် အကြီးအကျယ်ထုတ်ယူနေမှုအပေါ် ဒေသခံပြည်သူများက စိုးရိမ်မကင်းဖြစ်နေကြသည်။
သဲနှင့်ကျောက်ထုတ်လုပ်သူများသည် ဌာနဆိုင်ရာမှ ထုတ်ခွင့်ပြုထားသည့် နေရာတွင် မထုတ်ပဲ ဆည်ကြီးချောင်းအတွင်း မိမိကြိုက်သည့်နေရာများတွင် စည်းကမ်းမဲ့ မတရားထုတ်နေကြခြင်းကြောင့် ဆည်မြောင်းများပျက်စီးကာ မိုးတွင်းကာလအတွင်း ရေတိုက်စားမှုအန္တရာယ်ကြုံတွေ့မှာကို အလွန်စိုးရိမ်နေကြရသည်ဟု ဆည်ကြီးကျေးရွာနေ ဦးခုမ်လျန်နာကပြောသည်။
“ ဆည်ကြီးချောင်းဟာ ဆင်ရွာအုပ်စု၊ ပျဉ်းခုံကြီးအုပ်စု၊ ကျောင်းတိုက်အုပ်စု၊ နတ်ကြီးကုန်းအုပ်စု စတဲ့ (၄) အုပ်စုမှာရှိတဲ့ တောင်သူလယ်တွေအတွက် အဓိက အားထားရတဲ့ချောင်းဖြစ်ပါတယ်၊ ဒီတိုင်းပဲ ချောင်းထဲက သဲတွေကျောက်တွေ ဆက်ထုတ်မယ်ဆိုရင် ရေတိုက်စားမှုတွေဖြစ်လာပြီး လယ်မြေဧကများစွာပျက်စီးနိုင်တဲ့အပြင် ရွာမြေ၊ လူနေအိမ်ခြေတွေအတွက်လည်း စိုးရိမ်စရာ ကောင်းပါတယ်’’ ဟု ၎င်းကပြောသည်။
သဲနှင့်ကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများသည် ရေအရင်းအမြစ်နှင့် ဖွံ့ဖြိုးရေးဦးစီးဌာနထံအခွန်ဆောင်ကာ တရားဝင်ထုတ်လုပ်ကြသည်ဟု သိရှိရပြီး သို့သော်လည်း သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသည့် နေရတွင် ထုတ်ယူခြင်း မရှိပဲ ခွင့်ပြုမထားသည့်နေရာများတွင် စည်းကမ်းမဲ့ထုတ်နေကြခြင်းဖြစ်သည်။
၎င်းတို ့သည် မြေတူးစက် (JCB)များကို အသုံးပြုပြီး ဆည်ကြီးချောင်းရှိ သဲနှင့်ကျောင်များကို ထုတ်ယူကာ တစ်ရက်လျင် အနည်းဆုံး သဲတင်ကား အခေါက်တစ်ရာခန့်ပြေးဆွဲလေ့ရှိသည်ဟု ဦးခုမ်လျန်နာကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သဲ၊ ကျောက်များ စည်းကမ်းမဲ့မတရားထုတ်လုပ်မှုကို တားဆီးပေးပြီး ရေစီးရေလာပြန်လည်ကောင်းမွန်လာစေရန် ချောင်းအလယ်တွင် ချထားသော သဲပုံကြီးများ ဖယ်ရှာပေးရန်နှင့် တောင်သူလယ်သမားများ မိုးရာသီစိုက်ပျိူးရေးရရှိနိုင်ရေးအတွက် ပျက်စီးသွားသောဆည်မြောင်းများပြန်လည်တူးဖော်ပေးရန် ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌထံသို့ လိပ်မူပြီး ဧပြီလ ၂၁ ရက်နေ့က တင်ပြထားသည်ဟု သိရသည်။ သို့သော်လည်း ယနေ့ချိန်ထိ တစ်ရာတစ်ရာထူးခြားမှုမရှိသေးကြောင်း သိရသည်။







