ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးကို စစ်ဆေးရန် ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးကို စစ်ဆေးရန် ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စစ်ဆေးရန် ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ခုကို ဧပြီ ၉ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးလိုက်သည်ဟု သတင်းရရှိသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှမှ ဧပြီ ၉ ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းရခြင်းမှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးမှ လက်မှတ်ရေးထိုးပြီး ၎င်းဝန်ကြီးသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင်ြ့ပုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် မြို့နယ် အလိုက်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် များစွာထိခိုက် ဆုံးရှုံးမှုများ ရှိနေသည့် အတွက် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးနိုင်ရန် တင်ပြလာခြင်း အပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ဂ) နှင့်အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် အဖြစ် ဦးနိုင်ကြွေအေး (သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ ) ၊ အဖွဲ့ဝင်များမှာ ဦးအေးသိန်း (စစ်တွေမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ )၊ ဦးဦးသန်းနိုင် (ရသေ့တောင် မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ )၊ ဦးအောင်သန်းတင် (ပုဏ္ဍားကျွန်း မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ ) နှင့် ဦးထွန်းလှစိန် (မောင်တောမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ ) တို့အား တာဝန်ပေးအပ်လိုက်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့သည် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စုံစမ်း စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို ၂၀၁၈ ခုနှစ် မေလ (၃၀) ရက်နေ့ကို နောက်ဆုံးထားပြီး လွှတ်တော်ရုံးသို့ ပြန်လည် အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...