မသန်စွမ်းအခွင့်အရေးတောင်းဆိုချက်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်လွတ်တော် တုန့်ပြန်မှုအားရ

မသန်စွမ်းအခွင့်အရေးတောင်းဆိုချက်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်လွတ်တော် တုန့်ပြန်မှုအားရ

ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ယက်မှ မသန်စွမ်းသူများနှင့်ပတ်သက်သည့် တောင်းဆိုချက်များအပေါ် ချင်းပြည်နယ် လွှတ်တော်၏ တုန့်ပြန်မှုကို ကျေနပ်အားရမှုရှိကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့(DDI)မှ လက်ထောက် ဒါရိုက်တာ ဆလိုင်းဇောဆွာက ပြောသည်။

ပြည်သူ့အသံအားကောင်းလာစေရန် ရည်ရွယ်ပြီး ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၂၃ရက်နေ့ကပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ တောင်းဆိုချက် (၄) ချက်တင်သွင်းခဲ့သည်။ အဆိုပါ တောင်းဆိုချက်များကို လွှတ်တော်ကိုယ်စားလှယ်များက ဝမ်းသာစွာကြိုဆိုကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

“ချင်းပြည်နယ်အနေအထားကို ကြည့်မယ်ဆိုရင်တော့ ဒီမသန်စွမ်းတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရကနေပြီးတော့ လုပ်ဆောင်ပေးတာတော့ မရှိဘူးပေါ့ ဒါကြောင့်ခုလိုတင်ပြဆွေးနွွေးနိုုင်တာကတော့ ကျေနပ်မိပါတယ်” ဟု ၎င်းကပြောသည်။

တောင်းဆိုချက် (၄)ချက်တွင် ကုလသမ္မဂအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေး ဥပဒေအရ မသန်စွမ်းအရေးကို ချင်းပြည်နယ် အစိုးရမှအကောင်ထည်ဖော်ရန် တာဝန်ရှိသည့် အတွက် ချင်းပြည်နယ်လွတ်တော်မှ တိုက်တွန်းပေးရန်၊ မသန်စွမ်းအရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ် လွှတ်တော်မှ သီးသန့်ဘတ်ဂျက် ရေးဆွဲပေးရန် စသည့်အချက်များ ပါဝင်သည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်(CCSN)၊ ချင်းမီဒီယာကွန်ယက် (CMN) နှင့် မသန်စွမ်းဖွ့ံဖြိုးရေး ရှေ့ဆောင်အဖွဲ့(DDI) တို့သည် “ အမျိူးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ သတင်းအချက်အလက်သိရှိပိုင်ခွင့်၊ အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေး’’ စသည့် အကြောင်းအရာ ၄ ခုဖြင့် ချင်းပြည်နယ် ဟားခါးမြို့၊ ထန်တလန်မြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တို့တွင် လူထုတွေ့ဆုံပွဲများကို ကျင်းပပြုလုပ်ခဲ့ကြပြီး ထိုမှတဆင့် ထွက်ပေါ်လာသော လူထုဆန္ဒသဘောများကို မတ်လ ၂၃ ရက်နေ့က ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံသို့ သွားရောက်တင်ပြခဲ့ကြခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲတွင် ချင်းပြည်နယ် လွှတ်တော်ဒု-ဥက္ကဌ ဦးအောင်သန်းနှင့် တပ်မတော်သားကိုယ်စားလှယ် ၃ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာတွင် မသန်စွမ်းအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်၏ တုန်ြ့ပန်ချက်သည် တခြားသော ကဏ္ဍာများထက် အားရကျေနပ်မှု ရှိသည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်သည့် ချင်းမီဒီယာကွန်ယက်ဒါရိုက်တာ ဆလိုင်းရောဘတ်က ပြောသည်။

မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် မသန်စွမ်းသူ ဒုတိယအများဆုံးပြည်နယ်အဆင့်တွင်ရှိနေသော်လည်း ယခင်အစိုးရ လက်ထက်တွင် မသန်စွမ်းသူများအရေးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အရေးတယူမရှိခဲ့ကြောင်း ဆလိုင်းဇောဆွာက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမူထန်က “ကျွန်တော်တို့ အတော်လေးစိတ်ဝင်စားကြတယ်။ ဒီကိစ္စကို ဆောင်ရွက်ဖို့ လွှတ်တော်အဖွဲ့ထဲကရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးမလား ဒါမှမဟုတ်ရင်အသစ်ပဲ ဖွဲ့မလား၊ လုပ်ကြမလား ဆိုပြီးလုပ်နေကြတာ” ဟု ပြောသည်။

မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့(DDI) သည် မသန်စွမ်းသူများအတွက် လွယ်ကူစွာ အများနှင့်တန်းတူ ပညာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်ရရှိရေးစသည်တို့ကို အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...