ချင်းပြည်နယ်တွင် ပြုလုပ်သည့် တင်ဒါဖွင့်ပွဲများသည် ဟန်ပြသဘောလောက်သာရှိပြီး များများပေးနိုင်လျှင် လုပ်ငန်းများများရရှိသည့်အခြေအနေဖြစ်နေသည်ဟု ကန်ပက်လက်မြို့ နှစ်ခြင်းဘုရားကျောင်းတွင် မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် “ အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိမရှိ’’ ဆိုသည့် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်သည့် ချင်းမင်းသား ကုမ္ပဏီပိုင်ရှင်က ပြောဆိုလိုက်သည်။
ချင်းမင်းသား ကုမ္ပဏီပိုင်ရှင် ဦးစံအေးက “တင်ဒါဖွင့်ပွဲဆိုပြီးတော့ လုပ်ကြပါတယ်၊ ဒီနှစ်ကတော့ မင်းတပ်ခရိုင်မှာလုပ်ကြပါတယ်၊ Presentation လုပ်ခိုင်းတာပေါ့လေ၊ တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီအကုန်လုံးကို ၊ ဒီလုပ်ငန်းကို ရလို့ရှိရင် ဘယ်လိုလုပ်မယ်၊ ဘယ်လိုပုံစံလုပ်မယ်ဆိုတာတွေပေါ့ ရှင်းပြရတာပေါ့ ဘာဖြစ်သလဲဆိုတော့ သူများရဲ့အမြင်မှာတော့ ခုလိုမျိူး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်ပေါ့ ရမှတ်တွေကလည်းကောင်းတာပေါ့ တကယ်လည်းရလဒ်ထွက်လာကော အနည်းဆုံးလုပ်ငန်းကိုရပါတယ်၊ အဲဒီမှာ ကျနော်သုံးသတ်မိတာပေါ့ ချင်းပြည်နယ်မှာ လာဘ်ပေးလာဘ်ယူမှုအများဆုံး ဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါက ဟန်ပြ တင်ဒါဖွင့်ပွဲလို့လည်း သုံးသပ်မိတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အခုကျနော်တို့ ဆွေးနွေးပွဲကလည်း ပွင့်လင်းမြင်သာမှုခေါင်းစဉ်ကိုး ဆိုတော့ တင်ဒါစနစ်ဆိုတာက များများဝင်လေ များများရလေဆိုတဲ့ သဘောဖြစ်နေတယ်’’ ဟု အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
“ အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိမရှိ’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲကို ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်(CCSN)၊ ချင်းမီဒီယာကွန်ယက် (CMN) နှင့် မသန်စွမ်းဖွ့ံဖြိုးရေး ရှေ့ဆောင်အဖွဲ့(DDI) တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအစီစဉ်တွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအား၊ ကန်ပက်လက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ လွှတ်တော်အမတ်ဟောင်း ဦးမနားနိုင်း၊ Chin Women Development Organization(CWDO) မှ နော်မီထန်း နှင့် တာဒါလုပ်ငန်းများလုပ်ဆောင်နေသော ချင်းမင်းသားကုမ္ပဏီပိုင်ရှင် ဦးစံအေးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲ၌ ကုမ္ပဏီပိုင်ရှင် ဦးစံအေးမှ ဆက်လက်ပြောဆိုရာတွင် တင်ဒါလုပ်ငန်းများ ပြီးဆုံးသည့်အခါ လုပ်ငန်းအရည်အသွေးပြည့်မှီမှုရှိမရှိ ဌာနဆိုင်ရာများမှလာရောက်စစ်ဆေးသည့်အခါတွင်လည်း ၎င်းတို့ကုန်ကျမည့် စားစရိတ်၊ သွားလာရေးစရိတ်နှင့် နေရေးထိုင်းရေးများကို ကုမ္ပဏီများကသာ ကျခံလေ့ရှိသည်ဟု ဦးစံအေးကဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားက “လာဘ်ပေးလာဘ်ယူဆိုတာ လက်ခုတ်ဆိုတာ ၂ ဖက်တီးမှမြည်တယ်ဆိုတော့ ကိုယ်ကိုတိုင်က လိုချင်အားကြီးလွန်းလို့ သွားပြီးတော့ ကျူးလွန်မိတဲ့သဘောဖြစ်တယ်၊ သူတို့ကတောင်းမှမဟုတ်ဘူး တောင်းရင်ချက်ချင်းပြောပါ၊ ပေးရင်လည်းပဲ ပွင့်ပွင့်လင်းလင်းပြောကြည့်လေ၊ ကျနော်တို့ကို တိုက်ရိုက်ပြောပါ ဘယ်ဟာကို ကျနော်ဆောက်တယ် ဘယ်လောက်ပေးရ တယ် သတိရှိရင်ပြောကြည့်ပါ၊ ကုမ္ပဏီကိုယ်တိုင်က မပွင့်လင်းတဲ့အခါကျတော့လေ၊ ပြီးတော့ လုပ်ငန်းတစ်ခုကို သွားရောက် စစ်ဆေးတဲ့အခါကျရင် ကျွေးရမွေးရတယ်ဆိုတဲ့အရာကလည်း ကုမ္ပဏီရဲ့ဟာကွက်တစ်ခုကို ပြောမိမှာကြောက်လို့ တစ်ရာကုန်သွားမှာကိုစိုးရိမ်းလို့ ၅၀ လောက်အကုန်အကျခံတယ်လို့ပဲကျနော်မြင်တယ် ၊ ဒါဆိုပွင့်လင်းကြည့်ပါ’’ ဟု ပြန်လည်ပြောကြားခဲ့သည်။







