လုံခြုံမှုအပြည့်အဝရှိမှ ပြန်မယ်လို့ စစ်ဘေးဒုက္ခသည်များဆို

လုံခြုံမှုအပြည့်အဝရှိမှ ပြန်မယ်လို့ စစ်ဘေးဒုက္ခသည်များဆို

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြသည့် ဒုက္ခသည်များအတွက် လုံခြုံမှုမရှိသေးတာကြောင့် မပြန်ကြသေးတာဖြစ်သည်ဟု ပြောကြားပြီး လုံခြုံမှုအပြည့်အဝရှိမှ ကိုယ့်ဒေသကို ပြန်မည်ဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်တာဝန်ရှိ ဦးကျော်သဲက ပြောသည်။

“မြန်မာနိုင်ငံအစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို စနစ်တကျ နေရာပြန်လည်ချပေးစေချင်တယ်။ ပြည်သူတွေအပေါ် ဘာမှ မလုပ်တော့ဘဲ လုံခြုံမှုအပြည့်အဝရှိမယ်ဆိုရင် ပြန်ချင်တာပေါ့၊ အဲဒါ မလုပ်ပေးဘူးဆိုရင် ကျနော်တို့လုံဝမပြန်နိုင်ဘူး။”

ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်သွားကြတဲ့ ဒုက္ခသည်အချို့ ရှိနေသော်လည်း အဆင်မပြေကြကြောင်း သိရပြီး၊ ထွက်ပြေးလာတဲ့ အချိန်တုန်းက ဘာတစ်ခုမှ ပါမလာဘဲ ထမင်းထုတ်ကလေးနဲ့သာ ထွက်ပြေးလာရသောကြောင့် ရွာမှာထားတဲ့ပစ္စည်းတွေလည်း အကုန်ပျောက်သွားပြီ မရှိတော့ဘူးလို့ -- ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ဆက်ပြောသည်။

“ဖြစ်နိုင်ရင် မပြန်ချင်တော့ဘူး၊ မပြန်ရင်လည်း မပြန်တော့ဘူးဗျား။ ကျနော်တို့ ပြန်ရင်လည်း ဘာမှထူးမှာမဟုတ်ဘူး၊ အိမ်ထောင် ပစ္စည်းလည်း ဘာမှမရှိတော့ဘူး၊ အကုန်ပျက်စီးသွားပြီ၊ ဒီလိုအချိန်မှာပြန်ရင် ဘယ်လို အစပြုမလဲ အခက်အခဲတွေနဲ့ဘဲ ရင်ဆိုင် နေရမှာပေါ့။ ပြန်သွားကြတဲ့သူတွေ အဆင်မပြေကြဘူး ပြန်သွားတာ မှာတယ်လို့ ပြောဆိုနေကြတယ်။”

ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်ပေမယ့် နောက်ထပ်တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်နေသောကြောင့် မပြန်သေးဘဲ မီဇိုရမ် ပြည်နယ်တွင် ဆက်လက်ပြီးနေထိုင်နေရခြင်း ဖြစ်တယ်လို့ -- မြွေလက်ဝကျေးရွာမှ ရခိုင်အမျိုးသား ဦးမောင်သန်းထွေးက ပြောကြားခဲ့သည်။

“နောက်ပြန်ဖြစ်မှာဆိုလို့ မပြန်သေးတာပါ၊ နောက်ပြန်ဖြစ်ခဲ့ရင် ပြေးမယ့်နေရာရှိမှာမဟုတ်တော့ဘူး၊ ဒါကြောင့် နောက်ဖြစ်မလား မဖြစ်ဘူးလားဆိုတဲ့ အခြေအနေကို စောင့်ဆိုင်းနေကြတာပါ။ ကိုယ့်ရပ်ကိုယ်ရွာကိုတော့ ပြန်ချင်တာပေါ့။”

ယခုကဲ့သို့ ဒုက္ခရောက်နေတဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်မှာရှိကြတဲ့ အစိုးရအဖွဲ့အပါအဝင် အစစအရာရာမှာ ကူညီပေးကြတဲ့ တာဝန်ရှိတဲ့သူတွေအားလုံးအပေါ်မှာ ကျနော်တို့ ဒုက္ခသည်အနေနဲ့ အထူးဘဲ ကျေးဇူးတင်ရှိကြောင်း -- ဦးကျော်သဲ က ပြောသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁၀၀၀ ကျော် ရှိနေ သေးပြီး အဆိုပါ ဒုက္ခသည်များမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြတဲ့ ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...