KIA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၃ ဦးကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်လည် လွဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းနှင့် တပ်မတော်တို့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ KBC ဆုတောင်းတောင်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ််းဆီးရမိခဲ့သော တပ်မတော် တပ်ဖွဲ့ဝင် ၃ ဦးအား စစ်သုံ့ပန်းပေါ်လစီအရ PCGသို့ ယမန်နေ့ မွန်းလွဲဲ ၁ နာရီက လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
PCG မှ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန်းအောင်၊ ဦးအင်ရှန်းဆန်အောင်တို့က စစ်သုံ့ပန်းများကို ဖားကန့်မြို့နယ် ကထန်ယန်ကျေးရွာတွင် စစ်သုံ့ပန်းများကို ခေါ်ယူခဲ့ပြီး ခမရ တပ်ရင်း ၂၅၅ သို့ ယမန်နေ့ ၆ နာရီခန့်တွင် ပြန်လည် လွဲပြောင်းပေးမည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
“ ကေအိုင်အိုက နိုင်ငံတကာ စစ်ဥပဒေအတိုင်း သုံ့ပန်းတွေ ဒဏ်ရာရရင် ဆေးကုသပေးတာပါ၊ အသက်ရှင်သူ တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ စစ်ဥပဒေအတိုင်း လိုက်နာတာ ဖြစ်တယ်။ တပ်မတော်သား စစ်သုံ့ပန်း ၃ ဦးကို ခေါ်ယူနိုင်ခဲ့ပြီ။ ခုလမ်းမှာဘဲ ရှိသေးတယ်။ ညနေ ၆နာရီလောက်မှာ တပ်ရင်း ၂၅၅ ကို လွှဲအပ်ပေးမယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
ဆက်လက်၍ သူက “စစ်သုံ့ပန်းတွေကို မသတ်ဘဲ ပြန်ပေးအပ်လိုက်တယ်ဆိုတာက သူပုန်မဟုတ်ဘူး။ နိုင်ငံတကာစစ်ဥပဒေကို လိုက်နာအဖွဲ့ဖြစ်တယ်ဆိုတာကို ပြသတာ ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။
အဆိုပါ ၃ ဦးမှ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၅ မှ တပ်မတော်သား တပ်ကြပ် သက်မောင်ထွေး (ကပ -၉၅၉၄၈၃)၊ တပ်သား မျိုးမင်းဇော် (တ-၅၃၂၀၆၆)နှင့် တပ်သား နေဆန်းမင်း (တ-၅၁၂၃၆၀) တို့ ဖြစ်ကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားသည်။







