ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့၏ မြေပြင်သို့ ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်းများကို လောလောဆယ်တွင် ရပ်ဆိုင်းထားရသည်ဟု ကော်မရှင်အတွင်းရေးမှူးဖြစ်သူ မြောက်ဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာကိုပြောကြားသည်။
"ကျနော်တို့က မြေပြင်အခြေအနေကို ဆင်းမယ့်ဟာကို လောလောဆယ် ဆိုင်းငံ့ထားတယ်။ အဲဒီ ဘက်မှာ ပြဿနာတွေပေါ်နေကြတဲ့အတွက်ပါ။ တိန်ညိုကိစ္စတွေကြောင့်ပါ"ဟု ဦးထွန်းသာစိန်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ပြောသည်။
အဆိုပါကော်မရှင်သည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မြောက်ဦးမြို့သို့သွားရောက်ကာ ကွင်းဆင်း စစ်ဆေးရန်စီစဉ်ထားခဲ့သော်လည်း ပြီးခဲ့သည့်အပတ်က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း တိန်ညိုကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံများအား ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကော်မရှင်၏ ကနဦးစီစဉ်ထားမှုကို ရပ်ဆိုင်းထားရခြင်းဖြစ်သည်။
"မြေပြင်ကိုတော့ နောက်မှပဲသွားမယ်။ လုပ်စရာရှိတာတွေကို အားလုံး ဒီက၊ လွှတ်တော်ကပဲ လုပ်သွားမလားလို့လည်း မှန်းထားကြတယ်။ စုံစမ်းမေးမြန်းစရာရှိရင်လည်း လွှတ်တော်ကို ခေါ်ပြီးတော့ စုံစမ်းမေးမြန်းမယ်။ ဥပဒေနဲ့အညီလုပ်သွားမယ်လို့ လောလောဆယ် အဲလိုမျိုးတော့ ဆုံးဖြတ်ထားကြတယ်"ဟု ဦးထွန်းသာစိန်က ဆက်ပြောသည်။
အဆိုပါကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဖြင့် အတည်ပြု ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့ရာ အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ရဲတပ်ဖွဲ့ဝင် ၂ဝ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် အဆိုပါကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။







