ရခိုင်ပြည်နယ်လွှတ်တော်၏ မြောက်ဦး ဖြစ်စဉ်စုံစမ်းရေးအဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းထားရ

ရခိုင်ပြည်နယ်လွှတ်တော်၏ မြောက်ဦး ဖြစ်စဉ်စုံစမ်းရေးအဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်းထားရ
by -
မာန်ယုကျော် (ရွှေဝမြေ)
ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပခဲ့စဉ်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပခဲ့စဉ်။

ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့၏ မြေပြင်သို့ ကွင်းဆင်းစစ်ဆေးမည့် လုပ်ငန်းများကို လောလောဆယ်တွင် ရပ်ဆိုင်းထားရသည်ဟု ကော်မရှင်အတွင်းရေးမှူးဖြစ်သူ မြောက်ဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာကိုပြောကြားသည်။

"ကျနော်တို့က မြေပြင်အခြေအနေကို ဆင်းမယ့်ဟာကို လောလောဆယ် ဆိုင်းငံ့ထားတယ်။ အဲဒီ ဘက်မှာ ပြဿနာတွေပေါ်နေကြတဲ့အတွက်ပါ။ တိန်ညိုကိစ္စတွေကြောင့်ပါ"ဟု ဦးထွန်းသာစိန်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ပြောသည်။

အဆိုပါကော်မရှင်သည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မြောက်ဦးမြို့သို့သွားရောက်ကာ ကွင်းဆင်း စစ်ဆေးရန်စီစဉ်ထားခဲ့သော်လည်း ပြီးခဲ့သည့်အပတ်က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း တိန်ညိုကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံများအား ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကော်မရှင်၏ ကနဦးစီစဉ်ထားမှုကို ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

"မြေပြင်ကိုတော့ နောက်မှပဲသွားမယ်။ လုပ်စရာရှိတာတွေကို အားလုံး ဒီက၊ လွှတ်တော်ကပဲ လုပ်သွားမလားလို့လည်း မှန်းထားကြတယ်။ စုံစမ်းမေးမြန်းစရာရှိရင်လည်း လွှတ်တော်ကို ခေါ်ပြီးတော့ စုံစမ်းမေးမြန်းမယ်။ ဥပဒေနဲ့အညီလုပ်သွားမယ်လို့ လောလောဆယ် အဲလိုမျိုးတော့ ဆုံးဖြတ်ထားကြတယ်"ဟု ဦးထွန်းသာစိန်က ဆက်ပြောသည်။

အဆိုပါကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဖြင့် အတည်ပြု ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့ရာ အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ရဲတပ်ဖွဲ့ဝင် ၂ဝ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် အဆိုပါကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...