တွန်းဇံမြို့နယ်အတွင်းရှိ အဖိုးတန်သစ်များ ခိုးထုတ်ခံနေရ

တွန်းဇံမြို့နယ်အတွင်းရှိ အဖိုးတန်သစ်များ ခိုးထုတ်ခံနေရ

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ အဖိုးတန်သစ်များကို စစ်ကိုင်းတိုင်းဘက်မှ ပုဂ္ဂလိက သစ်မှောင်ခိုသမားများက ထုတ်ယူမှုများနေ့စဉ်နှင့်အမျှဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တွန်းဇံမြို့နယ် Sialthawzang ကျေးရွာအထက်ပိုင်းအနီးတ ၀ိုက်ရှိ ကျွန်း၊ ပျဉ်းကတိုးစသည့် အဖိုးတန်သစ်များကို ကလေးမြို့ဘက်မှ သစ်မှောင်ခိုသမားများက ခိုးထုတ်နေကြသည်ဟု Sialthawzang ကျေးရွာအုပ်ချူပ်ရေးမှူးကပြောသည်။

“အဲဒီဘက်မှာ ကျွန်းတွေ၊ ပျဉ်းကတိုးတွေ တအားပေါတယ်၊ ကလေးမြို့ဘက်က ပုဂ္ဂလိက သစ်မှောင်ခိုသမားတွေက လာထုတ်ကြတယ်၊ ခုလည်းထုတ်နေတုန်းပဲ တစ်ညမှာ ကား ၂ စီး ၃ စီးတော့ထွက်နေတယ်” ဟု အုပ်ချူပ်ရေးမှူး Pu Khen ကပြောသည်။

Sialthawzang ကျေးရွာသည် တွန်းဇံမြို့၏ အစွန်းဆုံးကျေးရွာဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ နယ်စပ်ကျေးရွာဖြစ်သည်။ တွန်းဇံမြို့နယ်သစ်တောကို တီးတိန်မြို့နယ် ခိုင်ကမ်းသစ်တောဦးစီးဌာနမှ ကိုင်တွယ်ခြင်းဖြစ်ပြီး Sialthawzang ကျေးရွာ အနီး Dimzang ကျေးရွာတွင် သစ်တောစခန်းတစ်ခုရှိသည်။

သစ်မှောင်ခိုသမားများသည် သစ်တောဌာနမှတာဝန်ရှိသူများနားလည်မှုယူထားသည့်အတွက် ကျေးရွာအုပ်ချူပ်ရေးမှူးများ ကိုလည်း ဂရုမစိုက်ကြောင်း ယင်းကိစ္စကို မြို့နယ်အဆင့်ထိ တင်ပြမှုများရှိခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း Pu Khen ကပြောသည်။

တွန်းဇံမြို့နယ်မှ အဖိုးတန်သစ်များခိုးထုတ်မှုှနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က ကွင်းဆင်းပြီး လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ် ကြောင်း မကြာခင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ထပ်မံတင်ပြသွားမည်ဟု တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခေါမာန်ကပြောသည်။

“ဇန်နဝါရီလကုန်ပိုင်းမှာလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ထပ်ဆွေးနွေးမယ်၊ သစ်တောတစ်ခု တည်းနဲ့လည်းမဖြစ်တော့ဘူး ကျေးရွာက ပြည်သူ့စစ်တွေနဲ့ ရဲ နဲ့ သစ်တောနဲ့ ပူးပေါင်းပြီးတော့ ပိတ်ဆို့ရမှာပဲ’’ ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...