Published
Saturday, September 09, 2017
RCSS က အပစ်ရပ်စာချုုပ် အမြင်ကွဲလွဲချက်များ အစိုုးရနှင့် ဆွေးနွေးမည်
စက်တင်ဘာလ ၉ ရက်၊ ၂၀၁၇ ခုနှစ်။
အပစ်ရပ်စာချုပ်အရ နားလည်မှုကွဲလွဲနေသည့် အချက်များကို အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA မှ ပြော သည်။
RCSS/SSA အနေဖြင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်တွင် အစိုးရနှင့် အချက် ၃၁ ချက် သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ၎င်းအချက်များထဲမှ အချက်သုံးချက်သည် အမြင်မတူပဲ နားလည်မှုကွဲလွဲနေသည့်အတွက် သဘောတူညီမှု ရရှိရန် ဆွေးနွေးသွားမည်ဟု RCSS/SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်မှ ပြောသည်။
“စာချုပ်ထဲမှာ ကွဲလွဲတာ ၃ ချက်ရှိတယ်။ ကျနော်တို့ စာချူပ်ထဲမှာ ဟိုမိန်း မိန်းထာက ကျနော်တို့ ဌာနချုပ် ဖြစ်တယ်လို့ရေးထားတယ်။ ပြီးတော့ RCSS တပ်အားလုံးအတွက်ဖြစ်တယ်လို့ရေးထားတယ် တပ်အားလုံးပြောပြီးတော့မှ နယ်မြေက နည်းနည်းပဲရှိတယ်။ သူတို့က မိန်းထာမှာ လူ ၆၀ ပေးနေတယ် ဒါပေမယ့် ကျနော် တို့ စစ်သားတွေက ထောင်နဲ့ချီရှိတယ်။ အဲ့တော့ ဘယ်လိုလုပ်မှာလဲ၊ အမြင်မတူဖြစ်နေတယ်။ ဒါပေမယ့် ဒီဥစ္စာကို သွားဆွေးနွေးထားပါတယ်။”
နံပါတ် ၂ အချက်မှာ အုုပ်ချုပ်ရေးကိစ္စဖြစ်ပြီး RCSS က စံပြ စိုုက်ပျိုးရေး အတွက် မြေယာတွေ တောင်းဆိုထားခြင်းအပေါ် အမြင်မတူခြင်းများ ရှိနေသည်ဟုုလည်း ဗိုုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
“နံပါတ် ၃ ကတော့ မူးယစ်ဆေးဝါး ကိစ္စပဲ ဖြစ်ပါတယ်။ ကျိုင်းတုံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ် အဲ့ဒါလည်း ဘာမှ ဖြစ်မလာပါဘူး။” ဟု စက်တင်ဘာလ ၉ ရက် (ယနေ့) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချူပ်မှုးကြီး စိုးဝင်း တို့ကို နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့ကို နေပြည်တော်တွင် ထပ်မံတွေ့ဆုံဆွေး နွေး မည်ဟု RCSS/SSA မှ ပြောသည်။
RCSS/SSA မှ စက်တင်ဘာလ ၉ ရက် (ယနေ့)တွင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူလူထုအတွက် ဒေသဖွ့ံ ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ယခုခရီးစဉ်အတွင်း သက်ဆိုင်ရာခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။
RCSS/SSA အနေဖြင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးပါက ရန်ကုန်မြို့ရှိ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ဆွီဇာလန် စသည့် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံသွားရန်ရှိပြီး တိုင်းရင်းသား နိုင်ငံရေးပါတီအချို့နှင့်လည်းတွေ့ဆုံရန်ရှိသည်ဟု ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်သာမက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၈)ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။







