သက္ကရာဇ် ၂၀၀၀ အလွန်ကာလများတွင် ရခိုင်ဒေသ၏ စီးပွားရေးလုပ်ငန်းများသည် ဂလိုဘယ်လ်(Blobal) ရေစီးကြောင်းနှင့်အတူ အသွင်ပြောင်းလာကြသည်။ ကျေးလက်နေလူမှုအသိုင်းဝန်းထဲမှ လုပ်ငန်းရှင်များ ပြည်နယ်၏ မြို့ပေါ်သို့ ရောက်ရှိအခြေချနေထိုင်လာ ကြသည်။ မြို့ပေါ်တွင် သင့်တင်မျှတသော အိမ်ခြံမြေဈေးနှုန်းနှင့် အလုပ်အကိုင်အခွင့်အလှမ်းများ တစုံတရာ အဆင်ပြေလာကြသည်။ ဒေသတွင်း လုပ်ငန်းများ အမှန်တကယ် အကျိုးပေးက ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု နည်းပါးခဲ့ကြသည်။ ရခိုင်ပြည်နယ်၏ စီးပွားရေးသည် တစုံတရာအထိ ကောင်းမွန်နေသော ကာလဖြစ်သည်။
သက္ကရာဇ်များ ကြီးမားလာသည်နှင့်အတူ တိုက်တာအိုးအိမ်ခြံမြေများ များပြားလာကြသည်။ အိမ်ခြံမြေများ ဈေးနှုန်းများ မြင့်တက် လာကြသည်။ ဘောဂဗေဒ၏ ဝယ်လိုအား ရောင်းလိုအား အချိုးအရ ကုန်သည်များက ကုန်စည်ရောင်းဝယ်ဖောင်းကားမှု မြင့်တက်လာရ မည်ဖြစ်သော်လည်း တိုးပွားသည့် လက္ခဏကို မပြချေ။
ရခိုင်ဒေသ၏ စီးပွားရေးသည် ရာသီပေါ် စီးပွားရေးထက် အခြေတကျလုပ်ကိုင်နေကြသည့် လုပ်ငန်းများ ပြိုလဲလာကြသည်။ ဆိုင်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများလျှော့နည်းလာကြသည်။ အမှန်တကယ် စီးပွားရေးလုပ်ကိုင်သူများကြားထဲတွင် ငွေကြေး ဖောင်းပွမှုနှင့်အတူ စီးပွားရေး အကျပ်အတည်းများဖြစ်လာကြသည်။ လူတန်းစား မညီမျှမှုနှင့်အတူ အချိန်အနည်းငယ်အတွင်း ငွေကြေး ချမ်းသာသူများ များပြားလာကြသည်။ ထိုအရာများသည်က ရခိုင်ပြည်နယ်၏ စီးပွားရေးကို သွေဖယ်ဖျက်ဆီးလာသည့် မူးယစ်ဆေးဝါး လုပ်ကိုင်သူများကြောင်းဖြစ်သည်။
စစ်တွေမြို့ပေါ်တွင် အိမ်ခြံမြေဈေးများ မြင့်တက်လာခြင်းသည် မူးယစ်ဆေးဝါးလုပ်ကိုင်သူများ၏ အကျိုးဆက်များကြောင်းဖြစ်သည်ဟု အိမ်ခြံမြေဝန်ဆောင်မှု လောကတွင်သုံးသပ်မှုများရှိကြသည်။ အမည်မဖော်လိုသူ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် သူတစ်ဦးက သူမြင်တွေ့နေရသည့် အခြေနေများကို Development News Journal-DNJ ၏ မေးမြန်းမှုအပေါ် ပြောဆိုသည်။
“ငွေကြေးက အရင်းနည်းပြီး အမြတ်များတော့ အိမ်တွေကို လိုက်ဝယ်နေတဲ့သူတွေက ငွေတွေကိုထိမ်းတဲ့ သဘောပေါ့။ သူတို့မှာက ငွေကြေးက ဖောင်းပွတယ်လေ။ နောက်ပြီး ဒီလုပ်ငန်းပဲ လုပ်ကိုင်နေတော့ တခြားလုပ်ငန်းမလုပ်ကိုင်တတ်တာလည်း ပါမှာပါ”ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါးလုပ်ကိုင်သူများ၏ အိမ်ခြံမြေများကို အလွယ်တကူ ဝယ်ယူမှုများကြောင်း ဒေသတွင်း အိမ်ခြံမြေရှားပါးက စစ်တွေ မြို့နယ်သည် ဆယ်နှစ်တာ ကာလအတွင်း မြို့ပြစီမံကိန်းသစ်တစ်ခု မရေးဆွဲပါက အိမ်ခြံမြေများ အဆမတန်ဈေးနှုန်းများပြားကာ မြန်မာနိုင်ငံတွင် ရန်ကုန်ပြီးလျှင် ဒုတိယ ဈေးမြင့်မားသည့် နေရာတစ်ခု ဖြစ်လာနိုင်သည်။
ဤနေရာတွင် ထိုသို့ အိိမ်ခြံမြေများအား အလွယ်တကူ ဝယ်ယူနိုင်မှုအခြေနေကို ထိမ်းသိမ်းရန်မှာ အခွန်စည်းကြပ်ဌာနများအနေနှင့် စနစ်တကျ ဂရုပြုရန်လိုလာသည်။ သို့မဟုတ်ပါက လွယ်လင့်တကူ ဝင်လာသော ငွေကြေးများဖြင့် အိမ်ရောင်းဝယ်လုပ်ငန်းများ လုပ်ကိုင်ကာ ငွေမည်းကို ငွေဖြူလုပ်သည့် အနေထားတွင် ရခိုင်ပြည်သူများ နေထိုင်ရေးပြဿနာ ဖြစ်လာတော့မည်ဖြစ်သည်။
မူးယစ်ဆေးဝါးလုပ်ငန်းအကျိုးဆက်ကြောင်း အိမ်ခြံမြေ များဈေးနှုန်းမြင့်တက်လာသည့်နှင့်အတူ ကုန်ရောင်းကုန်ဝယ် ကုန်သည်လောကတွင်လည်း ဂယက်ရိုက်ခတ်မှုများ ယနေ့အချိန်တွင် ဖြစ်ပေါ်နေပြီဖြစ်သည်။
ကုန်သည်များလောကတွင် မူးယစ်ဆေးဝါးလုပ်ကိုင်သူများ၏ အသွင်ပြလုပ်ငန်းများအဖြစ် ကုန်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ကိုင်မှုကြောင့် ဈေးကွက်အတွင်း ပြိုင်ဆိုင်ရာတွင် တစ်ဖက်ကုန်သည်များ၏ ငွေဖြစ်လွယ်၊ ကုန်ပစ္စည်းများအား ဖြုန်းတီးမှုကြောင့် ဈေးကွက်အတွင်း အမှန်တကယ်လုပ်ကိုင်သူများအနေဖြင့် အခက်ခဲကြံုတွေ့ရခြင်းဖြစ်သည်။ စစ်တွေမြို့ပေါ်တွင် တချို့ဝယ်ယူ၍ ရသောကုန်ပစ္စည်း များသည် ပင်ရင်းမြို့ကြီး၊ ဆိုင်ကြီးများ ထက်ဈေးနုန်း သက်သာနေသောကြောင့် ဖြစ်သည်။
ဤနေရာတွင် ယဉ်ပြိုင်မှု ဥပဒေ၏ အခြေခံမှုများဖြစ်သော အခန်း(၃)ပါ အပိုဒ် (ခ) ကို ဆောင်ရွက်ရမည် ဖြစ်သော်လည်း ပြည်နယ် အတိုင်းတာနှင့် စစ်တွေမြို့ပေါ်တွင် ယင်းယှဉ်ပြိုင်မှု ဥပဒေသည် အကောင်အထည် ဖော်ဆောင်ရွက်မှု အားနည်းနေသည်။
သို့သော် မူးယစ်လုပ်ငန်းများကို လုပ်ကိုင်ကြသည့် အနေထားများတွင် ရခိုင်ဒေရှိ လုပ်ကိုင်သူများသည် မပြောပလောက်သည့် အနေအထားတွင်သာ ဖြစ်သည်ကို ရခိုင်ပြည်နယ် မူးယစ်တပ်ဖွဲ့၏ ဖမ်းဆီးမှုမှတ်တမ်းများအရ သိရှိရသည်။ အများစုမှာ ရန်ကုန်မှတဆင့် လက်နက်ကိုင်သမားများရှိရာ နယ်မြေရှိ အသင်းအဖွဲ့များနှင့် ဆက်စပ်နေသည်။
မူးယစ်ဆေးဝါလုပ်ကိုင်သည့် ဒေသတွင်းရှိ သူများသည် တခါတရံ လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းများအတွက် ကော်မရှင်အနေဖြင့် ရန်ပုံငွေရှာပေးနေရသည့် အနေထားတွင်ရှိသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်း မတည်ငြိမ်မှုသည်က မူးယစ်ဆေးဝါး လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်ရန် အနေထားဖန်တီးလာသည်ကို တွေ့ရသည်။ ထို့ကြောင်းပင် လွန်ခဲ့သော ၄ နှစ်မှစ၍ မြန်မာနိုင်ငံက ပြင်ပကမ္ဘာနှင့် တံခါးဖွင့်ဆက်ဆံလာသည့် အချိန်တွင် ဘိန်းဖြူကုန်သွယ်မှုကလည်း တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့် ၆ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၃ ဆနီးပါး တက်လာခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းဖြူ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့အပြင် ဒေသတွင်းတွင် မက်သဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ တခုလည်း ဖြစ်လာသည်ဟု ကမ္ဘာစီးပွားရေးအပေါ်တွင် သြဇာညောင်းသည် နယူးယောက်တိုင်း(မ်)၏ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေးတွင် ပါဝင်သော နယ်စပ်လုပ်ငန်း ကျဆင်းလာသည်မှာလည်း မူးယစ်စိတ်ကြွဆေးပြားလုပ်ငန်း များကြောင်း ယူဆနိုင်ဖွယ်ရှိသည့် အခြေနေတစ်ရပ် ကို DNJ သတင်းဌာန၏ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိ စိတ်ကြွဆေးပြား ရောင်းဝယ်မှုလုပ်ကိုင်သည့် အခြေနေမှာလည်း တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်၏ မူးယစ်ဈေးကွက် ဝယ်လက်များကို အလေးထားရခြင်းဖြစ်သည်။
ထို့ကြောင့် ရခိုင်ဒေသတွင်း မူးယစ်ဆေးဝါး လုပ်ငန်းများကြောင်း ငွေကြေးဖောင်းပွမှုဒဏ်ကို အခွန်ဌာနများနှင့် သက်ဆိုင်ရာဌာနများက ထိမ်းသိမ်းဂရုပြုရန် ကြိုးစားရမည်ဖြစ်ကြောင်း တိုင်တွန်းလိုသည်။ ဖမ်းဆီးဖော်ထုတ်ရာတွင်လည်း လက်လီသမားများထက် အဓိက ပင်ရင်းကြီးများအား ရှာဖွေရမည် ဖြစ်သည်။
လိုအပ်လျှင် ပြည်နယ်အစိုးရအနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သီးခြား အရပ်ဘက် ပညာရှင်များ၊ သတင်းပေး၊ စီးပွားရေး သမားများပါဝင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး စနစ်တကျ လုပ်ဆောင်သင့်သည်။ မြို့ပေါ်ရှိ (သတ်မှတ်ချက်တစ်ခုဖြင့်) လုပ်ငန်းရှင်ကြီးများ၏ စီးပွားရေး အမြတ်ခွန်၊ ပြည်ပဝင်ငွေ ရောက်ရှိမှု စသည့်တို့ကို စနစ်တကျ စောင့်ကြည့် ရမည်ဖြစ်သည်။ သို့မှာသာ ရခိုင်စီးပွားရေး ကောင်းမွန်မည်ဖြစ်သလို ရခိုင်ဒေသတွင် သာမက ပြည်မဒေသများကို စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သည်။
ယခု မြန်မာနိုင်ငံ၏ လက်ရှိ အိမ်ခြံမြေဈေးနှုန်းထားများက နယူးယောက်တိုင်း(မ်)မှာ ဖော်ပြထားသလို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ရန်ကုန်မှ တိုက်ခန်းများ၏ စျေးနှုန်းက ၆၀၀ ရာခိုင်နှုန်း မြှင့်တက်သွားခဲ့ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ခန့်အထိ ဖြစ်ခဲ့သည်။ ရန်ကုန်မြို့ထက် ချမ်းသာကြွယ်ဝသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကွန်ဒိုတိုက်ခန်း အသစ်တခု၏ ပျမ်းမျှစျေးထက် မြင့်မားနေသည်။
မကြာသေးမီကလည်း စစ်တွေမြို့တွင် နာမည်ကြီး ကုန်သည်တစ်ဦး၏ သားအား မူးယစ်ဆေးဝါး လုပ်ကိုင်မှုဖြင့် များပြားသည့် ငွေကြေးနှင့် ဖမ်းဆီးရရှိခဲ့ပြီးဖြစ်သည်။ ငွေကြေးခဝါချမှု ဥပေဒသာ အသက်ဝင်လာပါက လုပ်ကိုင်သူများအနေဖြင့် ဆင်ခြင်လာနိုင်ဖွယ် သည်ကို ထည့်တွက်ရမည်ဖြစ်သည်။ မကြာသေးမည်က ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် လုပ်ကိုင်ခဲ့သည် ပွဲများတွင်လည်း မူးယစ်ဆေးဝါးကြောင့် ဒေသတွင်း စီးပွားရေးများ ဖျက်ဆီးကြရသည်ကိုလည်း ထောက်ပြခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူတဦး ဖြစ်သည့် ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေးပညာရှင် ရော်နယ် ဖင်ဒလေကတော့ “မြန်မာ့ စီးပွားရေးရဲ့ ကနဦး အရင်းအနှီးက ဘိန်းဖြူဖြစ်ပါတယ်။ တကယ်လို့ ဒါက ချဲ့ကားပြောတာ ဖြစ်မယ်ဆိုရင်တောင် အများကြီး ပိုပြောတာ မဟုတ်ပါဘူး”ဟု ဆိုသည်။
ထို့ကြောင့် ခြံုငုံသုံးသပ်ကြည့်ရလျှင် ရခိုင်ဒေသသည်က မြန်မာနိုင်ငံ၏ စီးပွားရေး အရွေ့တွင် ပါဝင်နေရသော ပြည်နယ်ငယ် တစ်ခုသာဖြစ်သည်။
(The New York Times ဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၅ ရက်နေ့က ဖော်ပြထားသော Thomas Fuller ၏ Profits of Drug Trade Drive Economic Boom in Myanmar ဆောင်းပါးပါ သဘောတရားများကို မှီငြမ်းသည်။)
ဆောင်းပါးရှင်-ဝေမိုး





