၎င်းလင်မယားတို့သည် (၂-၇-၂ဝ၁၅)နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီမှ ရန်ကုန်သို့ အဝေးပြေးကားဖြင့်လာခဲ့ပြီး (၃-၇-၂ဝ၁၅)နေ့တွင် ရန်ကုန်သို့ရောက်ရှိကြောင်း၊ ထို့နောက် ရန်ကုန်မှ ရွှေပြည်သစ် အဝေးပြေးကားဖြင့် စစ်တွေမြို့သို့(၄-၇-၂ဝ၁၅)နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ စစ်တွေမြို့တွင် ရွှေသဇင်ဟိုတယ်၌ တစ်ည တည်းခို၍ (၅-၇-၂ဝ၁၅)နေ့တွင် ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် လိုက်ပါရောက်ရှိခဲ့ပြီး သဘောင်္ဆိပ်ရှိ ကျော်ကြီးတည်းခိုခန်းတွင် တည်းခိုနေခဲ့သည်။
(၆-၇-၂ဝ၁၅)နေ့တွင် ဘူးသီးတောင်မြို့နယ် လဝကရုံးသို့ ရောက်ရှိလာပြီး အကူအညီတောင်းခံသဖြင့် မောင်တောမြို့သို့ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ညနေပိုင်းတွင် ဘူးသီးတောင်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး အထောက်အထားတစ်စုံတစ်ရာ မပါရှိသောကြောင့် စုံစမ်းစစ်ဆေးနေလျှက်ရှိသည်။
၎င်းတို့၏ ပါရှိလာသော နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာစာရွက်တို့ ပျောက်ဆုံးသဖြင့် မင်္ဂလာဒုံမြို့နယ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ၎င်းရဲစခန်းမှ ပျောက်ဆုံးကြောင်းထောက်ခံစာ ထုတ်ပေးခဲ့ကြောင်း၊ ၎င်းထောက်ခံစာဖြင့် ရခိုင်ပြည်နယ်အတွင်းလာရောက်ခဲ့ခြင်းဖြစ်သည်ဟု ပဏာမ ထွက်ဆိုချက်အရသိရှိထားရသည်။ သို့ရာတွင် ၎င်းတို့၏လာသည့် လမ်းကြောင်း မှန်/မမှန်၊ လိုအပ်သည့် စုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ထိုသူတို့ကို ယာယီထိန်းသိမ်းထားသည့် မြို့မရဲစခန်းမှ သိရှိရသည်။
“နိုင်ငံခြားသားတွေလဲဖြစ်နေတယ်။ သက်ဆိုင်ရာသံရုံးတို့၊ လဝကဌာနတို့က လိုအပ်သလို ဆောင်ရွက်စရာတွေ ရှိနေသေးတဲ့အတွက် ယာယီစောင့်ရှောက်မှု ပေးထားတာသာဖြစ်တယ်။ စုံစမ်းမှုတွေပြီးမှ အရေးယူသင့် မသင့် ဆိုတာတော့ လဝကဌာနက ဆက်လုပ်မှာပါ”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။
စစ်တွေမြို့မှ မြို့မိ၊ မြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက “မင်္ဂလာဒုံရဲစခန်းကို passport ပျောက်ဆုံးကြောင်း အကူအညီတောင်း တယ်ဆိုရင် မင်္ဂလာဒုံရဲစခန်းအနေနဲ့ လုပ်သင့်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တဲ့အတွက် သံရုံးကိုအဆက်အသွယ်လုပ်ရမယ်။ ဖီလစ်ပိုင်သံရုံးကို အဆက်အသွယ်လုပ်ရမယ်။ အဲဒီသံရုံးနှစ်ခုရဲ့ အတည်ပြုချက်ရမှ ကျန်တဲ့ကိစ္စဆက်လုပ်ရမယ်လို့ ယူဆပါတယ်။ သူတို့အပြောလောက်နဲ့ ထောက်ခံစာပေးမယ်ဆိုရင် သူတို့ဟာ ရိုးရိုး Tourist လား၊ အကြမ်းဖက်နဲ့ ဆက်စပ်သလား၊ မီဒီယာကလား၊ ဘာမှအသေအချာမသိပဲနဲ့ လုံခြံုရေးလျော့ရဲလွန်းတယ်လို့ မြင်ပါတယ်” ဟု ရခိုင့်အသံသို့ပြောသည်။
အဆိုပါ နိုင်ငံခြားသားနှစ်ဦးနှင့်ပတ်သက်၍ လဝကဌာနအနေဖြင့် ၁၉၄၇ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်း ချက်များ) အက်ဥပဒေပုဒ်မ ရ(၁)၊ နှင့် ၁၉၅၁ လူဝင်မှုကြီးကြပ်ရေး (ချုပ်နှောင်ခြင်း)နည်းဥပဒေပုဒ်မ ၅(၁)အရ ဆောင်ရွက်ထားရှိကြောင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြီးပါက တွေ့ရှိချက်အရ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း လဝကအရာရှိတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ အထောက်အထား မခိုင်လုံပဲ နိုင်ငံခြားသားနှစ်ဦး ကုန်းလမ်းအတိုင်း ဝင်ရောက်လာနိုင်ခြင်းသည် လုံခြံုရေးစည်းပေါက်သည်ဟု သုံးသပ်ရနိုင်ကြောင်း၊ ဝင်လာသည့် လမ်းကြောင်းကိုလည်း ခိုင်လုံသည့်အထောက်အထား မပြနိုင်သေးသဖြင့် အမှန်တကယ် တရားဝင် ဝင်ရောက်လာခြင်း ဟုတ်၊ မဟုတ် မသိနိုင်ကြောင်း၊ မြဝတီမှ မောင်တောအထိ အဆီးအတားမရှိ လာနိုင်သည်ကို အလွန်အံ့သြထိတ်လန့်မိကြောင်း မြို့ခံများကသုံးသပ်ကြသည်။
၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mr. Asif Iqbal Ahamed နှင့် ဖိလစ်ပိုင်နိုင်ငံသူ Ms. Marilyn Neri Sacay တို့ဖြစ်ပြီး လင်မယားများဖြစ်ကြောင်း သိရသည်။





