ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက် (တောင်ရပ်ကွက်)ရွာသစ်ပိုင်းနှင့် အမှတ်(၄)ရပ်ကွက်၊ (သပြေကုန်းရပ်ကွက်)တို့မှ ရာသီအလိုက် မျှစ်ချိုး၊ ဟင်းရွက်ရှာရောင်းကြသည့် ရခိုင်တိုင်းရင်းသား၊ အမျိုးသား (၈)ဦးတို့သည် နံနက်အရုဏ်တက်ချိန် (၅းဝဝ)နာရီခန့်တွင် နေအိမ်မှ စုပေါင်းထွက်ခွာ၍ စိုင်းတင်ချောင်းကမ်း၊ မင်းလှကိုင်းတောင်သို့ မျှစ်ချိုးရန် သွားရောက်ခဲ့ကြသည်။ မင်းလှကိုင်းတောင်သို့ နံနက်(၈းဝဝ)နာရီခန့်တွင် ရောက်ရှိပြီး မျှစ်ချိုးခဲ့ကြကာ ရရှိသမျှကို ခြင်းတောင်းများတွင်ထည့်၍ ဘူးသီးတောင်သို့ လာလမ်းအတိုင်း ပြန်လာခဲ့ကြသည်။
နေ့လည်(၁၂းဝဝ)နာရီခန့်တွင် ဘူးသီးတောင်-ကျောက်တော်လမ်းပေါ်၊ အင်ကြင်းမြိုင်ရွာထိပ် အနီးတွင် စကခ(၁၅)တပ်တွင်းအဝင်လမ်း အစောင့်ဂိတ်မှ လုံခြံုရေးတာဝန်ယူထားသူ စစ်လုံခြံုရေးတာဝန်ကျ စစ်ဝတ်စုံဖြင့်(၂)ဦး၊ အရပ်ဝတ်ဖြင့်(၁)ဦးတို့ ဆိုင်ကယ်ဖြင့်လာပြီး ပါလာသည့် မျှစ်(ဝါးတုတ်)များကို မှောက်ချရှာဖွေကြောင်း၊ ဆဲဆိုကြိမ်းမောင်း၍ ပါလာသောဝါးတုတ်အားလုံးကို လုယူသွားကြပြီး ဓါးနှင့် ခြင်းတောင်းများကို ပြန်ပေးလိုက်ကြောင်း၊ ထိုသို့လူယူခံရခြင်းမှာ နေ့လည်(၁၂းဝဝ)နာရီကျော်ခန့်တွင်(၆)ဦးနှင့် နေ့ခင်း(၁း၃ဝ)ခန့်တွင် (၂)ဦးတို့ထံမှ လူယူခြင်းဖြစ်ကြောင်း၊ လူယူသည့်နေရာမှာလည်း ယင်းနေရာတွင်သာဖြစ်ကြောင်း၊ ဆိုင်ကယ်ဖြင့် လမ်းပေါ်သို့ လာရောက်၍ လုယူခြင်းဖြစ်သည်ဟု လုယူခံရသူများကပြောသည်။
“ကျွန်တော်တို့က တပ်တွင်းဧရိယာက ဖြတ်သွားတာမဟုတ်ပါဘူး။ တပ်ခြံစည်းရိုးနဲ့ တော်တော်လေး ကွာလှမ်းပါတယ်။ တောင်လမ်း အတိုင်း သွားကြတာပါ။ ကုလားတွေလဲ သွားတာပါပဲ။ မနက်စောစော (၆း၃ဝ)နာရီလောက်ကသွားတော့လဲ့ ဒီလမ်းပဲ။ ဘယ်သူမှလာပြီး တားတာ၊ ဆီးတာ မရှိဘူး။ ကျွန်တော်တို့ကို လူတိုင်းမြင်နေရတာပဲ။ ပြန်လာမှသာ အခုလိုတားပြီး အားလုံးလုယူတာပါ။ ပြီးတော့ အရပ်ဝတ်နှင့် တစ်ယောက်က ကျွန်တော်တို့ကို နောက်တစ်နေ့လာရင် သေနတ်နဲ့ပစ်သတ်မယ်လို့လဲ ပြောပါတယ်။ ပြီးတော့ ပါလာတဲ့ဝါးတုတ်အားလုံးယူသွားတယ်။ (၈ဝဝဝဝ) ရှစ်သောင်းဖိုးလောက်ရှိမယ်၊ နောက်(၂)ယောက်ဆီက (၂ဝဝဝဝ)နှစ်သောင်းကျော်ဖိုးပါသွားတယ်။” ဟု လူယူခံရသူ ဦးသန်းထွန်းကပြောသည်။
“ကျွန်တော်တို့ကို မင်းတို့က ALPလား၊ ဘာလား မေးတယ်။ ကျွန်တော်တို့က မသိပါဘူး။ မကြားဖူးပါဘူးလို့ ရှင်းပြပြီး တောင်းပန် တာတောင် မရဘူး။ အားလုံးယူသွားတယ်။ အခုစားစရာမရှိဘူး။ လုပ်စားဖို့လဲ မရှိတော့ဘူး။ ကျွန်တော်တို့က ALP တွေဘာတွေ ဘာမှမသိပါဘူး။ တစ်နေ့တစ်ရက်စာ ရှာစားဖို့ပဲစဉ်းစားနေရတာ။” ဟု လုယက်ခံရသူတစ်ဦးဖြစ်သော အမှတ်(၅)ရပ်ကွက်နေ ဘူဘူက ပြောသည်။
ယခင်နှစ်များက ယခုကဲ့သို့ ခရီးလမ်းတားမြစ်ခြင်းမရှိကြောင်း၊ စကခ(၁၅) တပ်တွင်း ကတ္တရာလမ်းကပင်လျှင် သွားလာခွင့်ပေးပြီး လုံခြံုရေးတာဝန်ကျသူကို မျှစ်(ဝါးတုတ်) တစ်စီးစီလက်ဆောင်ပေးရကြောင်း၊ ယခုနှစ်တွင် စစ်တပ်များခြံစည်းရိုးကာထားသဖြင့် အပြင်လမ်းမှသာ သွားလာကြကြောင်း၊ မျှစ်(ဝါးတုတ်)စျေးကောင်းရချိန် ဖြစ်သဖြင့် တောင်များတွင်လှည့်လည် ရှာဖွေနေသည်မှာ အသွားအပြန် ဆက်တိုက် (၇)ရက်ခန့် ရှိပြီဖြစ်ပြီး အတားအဆီးမရှိခဲ့ကြောင်း၊ ယခုမှသာ တားဆီးလုယက်ခံရခြင်းဖြစ်ကောင်း၊ ဘင်္ဂလီများလည်း ယခုလမ်းအတိုင်း ဝင်ထွက်သွားလာခြင်း၊ မျှစ်ချိုးခြင်း၊ ထင်းခုတ်ခြင်းတို့ရှိသော်လည်း တားဆီးမှုမရှိဟုလည်း သူတို့ကပြောသည်။
လုယက်ခံရသူ(၈)ဦးတို့က ဘူးသီးတောင်မြို့၊ ရခိုင်အမျိုးသားပါတီသို့ ယနေ့တွင်စာပေးပို့၍ အကူအညီတောင်းခံထားသည်ဟု ပါတီအတွင်းရေးမှူး ဦးအောင်သောင်းရွှေကပြောသည်။ ယခုကိစ္စကို တိုင်ကြားရန်နေရာဌာန မမြင်ကြောင်း၊ အရေးယူပေးလိမ့်မည် ဟုလည်း မထင်ကြောင်း၊ အင်အားလည်းမရှိကြောင်း၊ ယခုနေ့စဉ် ဝင်ငွေရရှိရန် အလုပ်အကိုင် အခက်အခဲဖြစ်နေကြောင်း၊ လွတ်လပ် အေးချမ်းစွာ လုပ်ကိုင်စားသောက်ခွင့် ရရှိလိုကြောင်း၊ ထို့ကြောင့် ရခိုင်အမျိုးသားပါတီသို့ အကူအညီတောင်းခံ ရခြင်း ဖြစ်ကြောင်း လုယက်ခံရသူများကဆိုသည်။ မျှစ်(ဝါးတုတ်) ချိုးရောင်းခြင်းဖြင့် တစ်ရက်လျှင် (၅ဝဝဝ)မှ (၈ဝဝဝ)ကျပ်အထိ ဝင်ငွေရရှိနိုင်ပြီး မိစားစုတစ်စု တစ်နေ့စားလောက်သည်ဟု ဆိုသည်။





