ရခိုင်ပြည်နယ်မှ ဆားပြင်၏ အန္တရာယ်ရှိ ကျောင်းဆောင်

ရခိုင်ပြည်နယ်မှ ဆားပြင်၏ အန္တရာယ်ရှိ ကျောင်းဆောင်
by -
Development News Journal - မြနှင်းသူ
အရေးယူခံရ အုံးမယ် ခေါင်မိုးပေါ်က ယိုကျလာသည့် အလင်းပေါက်များက စာသင်ခန်းတစ်ခုလုံးကို ဆလိုက်မီးများဖြင့် ဖြာထိုးထားသကဲ့သို့ ..။ အလင်းတန်းများ ဖြတ်သန်းရာ တုတ်တန်းအကျိုးသည် ခြများစားထား၍ အချိန်မရွေး ပြိုကျလာနိုင်သည့် အခြေနေတွင် ရှိသည်။ အုတ်များအား ဘိလပ်မြေနည်းပါးစွာဖြင့် စီထားသည် အခန်း၏ နံရံတွင်ကား တံခါးရွက်များကင်းမဲ့ လျှက်..။ ပြတင်းပေါက်များမှ တစ်ဆင့်  လယ်ကွင်းပြင်ကို ဖြတ်သန်း၍ တိုက်ခတ်လာသော မြောက်ပြန်လေက ကျောင်းသားများအား စိမ့်အေးမှုကို ဖြစ်ပေါ်စေသည်။

ဤ မြင်ကွင်းများနှင့်တည်ဆောက်ထားသည် ဆားပြင်ရွာ၏ စာသင်ကျောင်းသည် ပေါက်တောမြို့နယ်၏ အန္တရာယ်ရှိ ကျောင်းဆောင် စာရင်းတွင်ပါဝင်နေသည့် မှုလတန်းလွန်ကျောင်းဆောင်တစ်ခု ဖြစ်သည်။ သို့သော် ထိုအဆောက်အအုံထဲတွင် ကျောင်းသားများ စာသင်ကြားနေရဆဲဖြစ်သည်။

ကျောင်း၏ အခြေနေကို လိုက်ပြရင်း ဆားပြင်ရွာ၏ မှုလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက ကုန်လွန်ခဲ့သည် လပိုင်းများ အခြေနေကို ပြောပြသည်။

“အဲဒီ ခေါင်းမိုးပေါက်တွေကပဲ မိုးရာသီဆိုရင် မိုးတွေယိုကုန်တာ။ ကျောင်းဖွင့်ရာသီ ဆိုရင် အဲဒီမိုးယိုပေါက်တွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုပြီး လုပ်ကြရင်း စာသင်တောင် မဖြောင့်ကြဘူး”

အစိုးရသစ်တက်လာပြီး နှောက်ပိုင်းတွင် ပညာရေးဖွံဖြိုးရေ ဆိုင်ရာနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့မှုများအား ပြုလုပ်လာသော်လည်း ဆားပြင်ရွာသည် ၎င်းအရာများနှင့်ကင်းဝေးနေကြောင်း လက်ရှိ မြင်တွေ့နေရသော ကျောင်းအဆောက်အအုံက သက်သေခံနေသည်။

ရခိုင်ပြည်နယ်တွင် ကျောင်းအဆောက်အုံပေါင်း တစ်ရာရှစ်ကျောင်းအား အစိုးရ အစီစဉ်ဖြင့် ဆောက်လုပ်နေသော်လည်း ယင်းအရာသည် ဆားပြင်ရွာနှင့်အလှမ်းဝေးနေသည့် အစီစဉ်တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်၌် အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ခုနှစ်ရာနီးပါးရှိသည်ဟု ရခိုင်ပြည်နယ် ပညာရေးဌာန၏ စာရင်းများက ဆိုသည်။

ဆားပြင်ရွာ၏ အန္တရာယ်ရှိ အဆောက်အအုံတွင် ပညာသင်ကြားပေးနေရသော ကျောင်းအုပ်ကြီး ဒေါ်တင်တင်ဝင်းက အကယ်၍ ကျောင်းပြိုကျ၍ ကျောင်းသား ကလေးငယ်များ ဒဏ်ရာရရှိပါက သူ့ကိုပါ အမှုပတ်စေနိုင်သည်ဟု ပြောသည်။

“ ပြီခဲ့တဲ့ တစ်ခေါက် ပေါက်တောမြို့နယ်ကို သွားတော့ ရုံးက လူတွေက ပြောတယ် အကယ်၍ ကျောင်းပြိုပျက်လို့ ကလေးတွေ အန္တရာယ်ဖြစ်ရင် ကျမပဲ အရေးယူခံရမယ်တဲ့”

မဲပေါက်မှ ပညာသင်ကြားရမလား

ကျောင်းတွင် ကျောင်းပျက်စီးရုံသာမက ကျောင်းသားများ ပညာသင်ကြားရန် သင်ထောက်ကူပြု ပစ္စည်းများလည်း လုံလောက်ခြင်း နည်းပါးနေသးသည်ကို သိရှိရသည်။ ကျောင်းသား ဦးရေ လေးငါးရာနီးပါးရှိပြီး စာသင်ခုံများမှာမှု လေးဆယ်ခန့် သာရှိသည်။

ဆားပြင်ကျောင်းတွင် ကျောင်းလာရောက်တက်ကြသည့် ကလေးငယ်များသည် ဆားပြင်ကျေးရွာတစ်ခုမှ မဟုတ်ပဲ ငွေတင်းတွယ်၊  သရက် အစရှိသည့် အနီးနားမှ ကျေးရွာများမှလည်း ကလေးငယ်များ လာရောက်တက်ကြကြောင်း သိရသည်။ ထိုကလေးငယ်များ ပညာသင်ကြားရန်အတွက် ပြည်နယ်မှ ချပေးသည့် သင်ရိုးညွန်းတမ်းစာအုပ်များ လုံလောက်မှု မရှိသောကြောင့် လုံလောက်မှုရှိစေရန် ဖန်တီးပေးနေရသည့် အခြေနေများရှိကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောပြသည်။

တစ်ခါတစ်ခါ မည်သို့မှ ခွဲဝေ၍ မရသည့် အခြေနေမျိုးတွင် ကျောင်းသူများအား မဲနှိုက်ခိုင်းရသည်ဟု သိရသည်။ သို့သော်လည်း ထိုလုပ်ရပ်သည်လည်း အဆင်ပြေမှု မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် အစိုးရဆီမှ ရရှိလာသည့် သင်ရိုးစာအုပ်သည်ကား ဘာသာ လုံလောက်မှု မရှှိသောကြောင့်ဖြစ်သည်။ တစ်စုံုချင်းစီ ရရှိကြသော်လည်း ဘာသာရပ်များမှာ စုံလင်စွာ မပါရှိကြောင်း ဆိုသည်။

“အဲဒီလို အခြေနေမျိုးတွေကျရင် ကျောင်းသား မိဘတွေက အထင်လွဲကြတယ်။ ကျောင်းအုပ်ကြီးကပဲ ဖြတ်ယူထားသလိုပေါ့ ဒါပေမဲ့ သင်ရိုးစာအုပ်တွေ နည်းရင်လည်းနေပါစေ ခုက စာသင်နှစ်ရဲ့ ထက်ဝလောက်မှ ရတယ် အဆင်မပြေဘူး”

စာသင်ကြားရန် ဖတ်စာအုပ် အခက်ခဲကြောင့် ယခုနှစ်တွင် ပညာသင်နှစ်ပြီးဆုံးသွားသည့် ကျောင်းသားများထံမှာ စာအုပ်များကို အလှူခံ တောင်းဆိုထားကြောင်းသိရသည်။ မှုလတန်း စာသင်ကျောင်းများအား မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့မှုလတန်းပညာရေးစနစ်အား စတင်ကျင့်သုံးခဲ့သော်လည်း ဆားပြင်ရွာတွင် ကျောင်းမတက်ရောက်ရသေးသည့် မှုလတန်းအရွယ် ကလေးငယ်များရှိနေသေးသသည်။ စာသင်ကျောင်းများတွင် ပြဌာန်းစာအုပ်များ အခမဲ့ပေးပို့နိုင်ရန်နှင့်ကျောင်း ဝတ်စုံများ ပေးပို့နိုင်ရန်အတွက်  ကျပ် ၁၈၄၅၃ ဒသမ ၅၉၅ သန်းအသုံးပြုရန် ပညာရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံပညာအဆင့် ကျောင်းသုံးစာအုပ်အား ၄၅ သန်းကျော်ပုံနှိပ်ရသည်။ ဤမျှများပြားသော ပုံနိပ်စာအုပ်များသည် ဆားပြားကျေးရွာ၏ ပုံနိပ်စာအုပ်မပြည့်စုံမှုနှင့် နှိုင်းယဉ်ကြည့်လျှင် အလွန်အမင် ကွာခြားနေသည့် ပြယှဒ်ဖြစ်သည်။

ပုံနိပ်စာအုပ်လည်း မပြည့်စုံ၊ သင်ကြားရန် စာသင်ခုံလည်းမရှိသည့် ဆားပြင်ကျောင်းသည် မပြည့်စုံမှုများ များပြားနေသော်လည်း နှစ်ပေါင်း ငါးဆယ်ကျော်သက်တမ်းရှည်နေသည့် မှုလတန်းကျောင်းဆောင်တစ်ခုဖြစ်သည်။ ဆားပြင်ကျေးရွာ၏ ကျောင်းမှတ်တမ်းများအရ ၁၉၆၅နှစ်မှ စတင်၍ ကျောင်းအုပ်ဆရာကြီး၏ အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရကျောင်းအဖြစ် စတင်လှည်ပတ်ခဲ့ကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် ကျောင်းသားအင်အားစုစုပေါင်း ၄၅၁ ဦးရှိပြီး ဆရာ၊ ဆရာမ ၁၇ ဦးခန့်ရှိကြောင်းကျောင်း၏ စာရင်းများက ဖော်ပြထားသည်။

အခက်ခဲတွေ့နေဆဲ ဆားပြင်

ဆားပြင်ကျောင်းတွင် တတိယတန်း သမီးငယ်ကို ကျောင်းအပ်ထားသည် ဦးမောင်ထွန်းဖြူက သူ့သမီးငယ်၏ ကျောင်းစာ သင်ကြားရပုံကို ပြောပြသည်။ သူ၏ သမီးငယ်၏ လွယ်အိတ်တွင် ကျောင်းသုံးစာအုပ်များထက် စာသင်ရာတွင် ထိုင်ရန်အတွက် မြေဆီအိတ်ကိုပါ ယူသွားရသည့်အတွက် လွယ်အိတ်ကို လေးလံစွာ ယူဆောင်လာရသည်ဟု ဆိုသည်။

“ကျောင်းကို ရောက်တဲ့အခါမှာ မိုးရာသီဆိုရင် မြေတွေက စိုနေသေးတယ် ဒါကြောင့် မြေဆီအိတ်ကို ခင်းပြီးထိုင်ကြရတယ် အမိုးကလည်း မလုံမြေကလည်း စိုနေသေးတော့ ဒုက္ခရောက်ကြရတယ်”

ကျောင်း၏ ပျက်စီးပုံနှင့်ပတ်သက်ပြီး ကျောင်းဆောင်သစ်ရရှိရန် သက်ဆိုင်ရာ ပညာရေးဌာနများသို့လည်း အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ် ကြောင်း ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်ဝင်းက ပြောပြသည်။ ဆားပြင်ကျေးရွာသည် ပညာတတ်များဖြစ်ထွန်းမှုတွင် အစဉ်အလာ ကြီးမားသည့် ရွာတစ်ရွာဖြစ်ပြီး ကုန်လွန်ခဲ့သည်နှစ် ရခိုင်တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင် အောင်ချက် ကျဆင်းသည့် အနေထားတွင် ဆားပြင်ရွာ၏ တက္ကသိုလ်ဝင် အောင်ချက်သည် ခုနှစ်ရာနှုန်းနီးပါးရှိခဲ့ သည်။ ဖြေဆိုသူဆယ်ဦးတွင် ခုနှစ်ဦး အောင်သည်။

အိမ်ခြေ(၃၈၅) ဆောင်ရှိပြီး လူဦးရေ (၁၇၈၅) ဦးရှိသည့် ဆားပြင်ကျေးရွာ မှုလတန်းကျောင်းသည် ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်၍ အခြေခံမှုလတန်း(လွန်) ကျောင်းအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း ကျောင်းသုံး ပရိဘောဂနှင့် ကျောင်း၏ အခြေနေကြောင့် အနီးနားကျေးရွာမှ ကျောင်းသားများကို ကန့်သတ်အနေနှင့်သာ လက်ခံခဲ့ရသည်။

ထိုသို့ကျောင်းသားအများစု လာရောက်သင်ယူကြသည့် ဆားပြင်ကျေးရွာ မှုလတန်းကျောင်းသည် ယခုအခါပြိုပျက်မှုများနှင့် လာမည့်နှစ်ကျောင်းဖွင့်ရာသီတွင် မည်သို့ရင်ဆိုင်ရမလဲဆိုသည်ကို ကျောင်းအုပ်ဆရာမကြီးက စိုးရိမ်နေဆဲ ဖြစ်သည်။

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...