မူးယစ်ဈေးကွက်ထဲကရခိုင်ဒေသ

မူးယစ်ဈေးကွက်ထဲကရခိုင်ဒေသ
by -
ဝေမိုး
ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့နယ် နန်းရာကုန်းဝင်းထဲတွင် ကျပ်သိန်းတစ်သောင်းကျော်ဖိုး မူးယစ်ဆေးများဖမ်းဆီးရမိသော အမှုနှင့်ပတ်သက်ပြီး ယခုထက်တိုင်ပိုင်ဆိုင်သည့် သူကိုဖော်ထုတ်မရသေးချေ။ မူးယစ်ဆေးဝါး အစဉ်အလာမရှိသော မြောက်ဦးမြို့နယ်တွင် ဤမျှတန်ဖိုးကြီးမားသော မှုးယစ်ဆေးဝါးများအား စတင်တွေ့ရှိမိလိုက်ခြင်းသည် ရခိုင်ပြည်နယ် မှုးယစ်ဆေးဝါးအန္တရာယ်သည် မည်မျှအခြေနေရောက်ရှိနေပြီ ဆိုသည်ကို လွယ်လင့်တကူ မှန်းဆရနိုင်သည်။

အထူးသဖြင့် ပြည်နယ်၏မြို့တော်တစ်ခု ဖြစ်သည် စစ်တွေမြို့တွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု သည် မှောင်ခိုဈေးကွက် တစ်ခုအနေနှင့်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလာရသည်။ ငွေကြေးတတ်နိုင်သော မိသားစုများ၏ သားသမီးများသည် မူးယစ်ဆေးဝါးသုံးစွဲ ရန် လွယ်ကူပြီး၊ ငွေကြေးမတတ်နိုင်သော သူများအနေနှင့်လည်း မူးယစ်ဆေးဝါးသုံးစွဲရန်နေရာ ၎င်းတို့အခေါ် ဇကာ သို့မဟုတ် မှုးယစ်ဆေးကို ဖန်တီးဝယ်ယူပေးခြင်းဖြင့် သုံးစွဲနိုင်ကြသည်။

လွန်ခဲ့သည် လအနည်းငယ်ကလည်း စစ်တွေမြို့လယ်ရှိ အလယ်တန်းကျောင်းဝင်းထဲတွင် လူခြေတိတ်ချိန်၌ မှောင်ရိပ်ခိုကာ မူးယစ်ဆေး ဝါးသုံးစွဲရန် ပြင်ဆင်နေကြသည့် လူငယ်တချို့ကို ဖမ်းဆီးမိခဲ့သေးသည်။ မူးယစ်ဆေးဝါးဟု ဆိုရာတွင် အဓိကအားဖြင့် အုပ်စုကြီး သုံးခုဖြင့် ခွဲခြားပြောဆိုကြသည်။ နံပါတ်(၁) သဘာဝအလျှောက် ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး (ဥပမာ-ဘိန်း၊ ဆေးခြောက်)၊ နံပါတ်(၂) တစ်စိတ်တစ်ပိုင်း ဓါတ်ပြုခြင်းဖြင့်ထွက်ပေါ်လာသည့် မှုယစ်ဆေးဝါး (ဥပမာ-ဘိန်းဖြူ)၊ နံပါတ်(၃) ဓါတုပစ္စည်းများကို ဓါတ်ပြုခြင်းဖြင့် ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး (ဥပမာ-စိတ်ကြွရှုးသွပ်ဆေး၊ စိတ်ပြောင်းဆေး) တို့ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုများတွင် ရခိုင်ပြည်နယ်၌ ယခုနှောက်ပိုင်းတွင် အမှတ်(၃)အုပ်စုဝင် စိတ်ကြွဆေးပြားများကို ပိုမိုသုံးစွဲလာကြကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းများအရသိရှိရသည်။ တစ်ချိန်က ရခိုင်ဒေသတွင် မူးယစ်ဆေးဝါးဟု ဆိုရာ၌ ဆေးခြောက်၊ ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း အစရှိသည့် ဆေးဝါးများသာရှိခဲ့သည်။ စိတ်ကြွဆေးပြား သုံးစွဲမူကို တွေ့ရှိဖမ်းဆီးရမိလာသည်မှာ  ၂၀၀၅ ခုနောက်ပိုင်းတွင် တွေ့မြင်လာရကြောင်း စစ်တွေ မူးယစ်အထူး ရဲတပ်ဖွဲ့စုမှူး ဦးရီထွန်းသန်းက ဆိုသည်။

“မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကြွဆေးပြားတွေကို တွေ့ရှိဖမ်းဆီးမိလာတာတော့ ၂၀၀၅ လောက်မှ ဖြစ်ပါတယ်၊”

ရခိုင်ဒေသတွင် စိတ်ကြွဆေးပြားများကို ၂၀၀၅ ခုနှောက်ပိုင်းတွင် ဖမ်းဆီးရရှိမှုများရှိလာသလို မူးယစ်ဆေးဝါးများကို  ရောင်း ဝယ် ဖောက်ကားရာ၌ စိတ်ကြွဆေးပြားများကိုသာ အဓိကအားထား လုပ်ကိုင်လာကြကြောင်းသိရသည်။ ရခိုင်ပြည်နယ်သည် ပထဝီအရ  မြန်မာနိုင်ငံ၏အနောက်ဖက််တွင်ရှိနေသည့် နယ်စပ်ဒေသအစိတ်ပိုင်းကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မှုးယစ်ဆေးဝါးများကို တရားမဝင် နယ်စပ်ဖြတ်ကျော်တင်ပို့ရာ၌ ရခိုင်ပြည်တွင် ခရီးတစ်ထောက်နားရာမှ စိတ်ကြွဆေးပြားသုံးစွဲမှုသည် စတင်လာနိုင်ဖွယ်ရှိကြောင်း ယူဆရနိုင်ပေသည်။

ထိုစိတ်ကြွဆေးပြားများသည် ဒေသအလိုက် အမည်ခေါ်ဆိုမှုကွဲပြားသွားကြပြီး wy (world’s yours )၊ ရာဘ၊ မြင်းဆေး၊ ကြယ်သီး၊ ရာမ၊ အစိ စသည်ဖြင့် ခေါ်ဆိုကြကြောင်းသိရသည်။ ရခိုင်ဒေသတွင်မှု အစိချေဟု ခေါ်ဝေါ်ကြကြောင်း စစ်တွေမြို့မှ ဦးမောင်သိန်းအေးက ဆိုသည်။

‘’ကျွန်တော်တို့ဆီမှာတော့ အစိချေလို့ခေါ်တယ်၊ ရောင်းဝယ်သူတွေကျတော့ ပုံစံမျိုးစုံခေါ်ကြပါတယ် ဆေးပြား အရောင်လိုက်ပြီးတော့ ခွဲခြားပြီး လိမ္မော်၊ ပန်းရောင်၊ R+ ၊ ထင်းစည်းလို့လည်းခေါ်တယ်၊ ဆေးပြားတွေ မသန့်ကျိုးပဲ့ပြီ ဆိုရင်တော့ နပိုင်းကျိုး(အုပ်ခဲကျိုး)  လို့လည်း ခေါ်ကြတာပေါ့’’

စိတ်ကြွဆေးပြားရောင်းဝယ်သူများ၏  အသိုင်းဝိုင်းတွင် အခေါ်ဝေါ်ကွဲပြားကြပုံကို ရည်ညွန်း ပြောပြသည်။

စိတ်ကြွဆေးပြားသည် မြန်မာနိုင်ငံတွင် ထိုင်းဘက်မှ တင်သွင်းနိဒါန်းပျိုးလာသည့် ဆေးဝါးတစ်ခုဖြစ်သည်။ ၂၀၀၀ ခုနှောက်ပိုင်းတွင် မြန်မာ နိုင်ငံထဲတွင် လူငယ်များကြားတွင် ပိုမိုစိမ့်ဝင်လာပြီး ထင်ပေါ်ရေပန်းစားလာသည်ဟု သိရသည်။ ၎င်း ဆေးဝါးအား သုံးစွဲပြီ ဆိုလျှင်  ခန္ဓာကိုယ်တစ်ခုလုံး အလိုလိုတက်ကြွနေပြီး အင်အားများပြည့်ဖြိုးနေပြီး ညဘက်အလုပ်များ လုပ်ကိုင်ရာတွင် နွမ်းရီခြင်းမရှိဘဲ အိပ်ရေးပျက်ခံကြောင်း သိရသည်။ သို့သော် ထိုဆေးဝါးအား လွယ်လင့်တကူ အလွန်အကျူး သုံးစွဲပါက ဘေးထွက်ဆိုးကျိုးများ ရှိကြောင်းသိရသည်။ စျေးနူန်းများမှာလည်း အမျိုးစားအလိုက် တစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၆၀၀၀ ထိတန်ဖိုးရှိကြောင်း သိရသည်။

ထိုသို့မူးယစ်စိတ်ကြွဆေးပြား သုံးစွဲသည့် လူငယ်များသည် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော ထိခိုက်ကြောင်း စစ်တွေမြို့နယ် လွှတ်တော် အမှတ် ဦးအောင်မြကျော်က ဧရာဝတီ၏ အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

“မူးယစ်ဆေးဝါး သုံးစွဲသူလူငယ်တွေရဲ့ ရုပ်ကိုကြည့်ရင်သိသာပါတယ်။ သူတို့ကိုကြည့်ရင် ရုပ်ပိုင်းဆိုင်ရာ အတော်ဆိုးပါတယ်၊ သူတို့ကို ကြည့်ရတာ စိတ်လုံးဝ မချမ်းသာပါ”

တချို့ အရပ်ဘက်စကားများအရ ထင်မြင်နေကြသည့် ရခိုင်ဒေသတွင် ကွမ်းယာဆိုင်များ၊ အရက်ဆိုင်များတွင် ရောင်းချသည့် ပစ္စည်းများ၌ စိတ်ကြွဆေးပြားအား ရောနှော ရောင်းချသည်ဆိုသည်မှာ မဖြစ်နိုင်ဟု မူးယစ်အထူး ရဲတပ်ဖွဲ့စုမှူး ဦးရီထွန်းသန်းက ဆိုသည်။

“အဲဒီ စိတ်ကြွဆေးပြားတွေက အတ်ဆစ် အပြင်းတွေနဲ့ ချက်လုပ်ထားတာ ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သူ့မှာ အသုံးပြုနည်း သီးသန့်ရှိတယ်၊ ဒီအတိုင်းရေနဲ့ရောသောက်မယ် ဆိုရင်လည်း ခန္ဓကိုယ်ထဲမှာ အူတွေ၊ အသည်းတွေ ပျက်စီးကုန်မယ်၊ သူက အငွေ့ကိုပဲ ရှုရှိုက် အသုံးပြုတာပါ”

ရခိုင်ဒေသတွင် စိတ်ကြွဆေးပြားများသည် ဒေသတွင်းချက်လုပ်မှုထက် မြန်မာနိုင်ငံ အထက်ပိုင်းနယ်စပ်မြို့များ ဖြစ်သည့် မှုဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်မှတဆင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာကြောင်း ဦးရီထွန်းသန်းက ဆိုသည်။ ယခင်က စိတ်ကြွဆေးပြား သယ်ဆောင်သူများသည် ရန်ကုန်၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမှ တဆင့် လက်ပြောင်းလက်လွှဲ သွားကြပြီး၊ သို့မဟုတ် စစ်တွေမှ ဘင်္ဂလားဒေရှ်နိုင်ငံသို့သွားကြသည့် စက်လှေများအား အသုံးပြုကာ တိုက်ရိုက်ပို့ဆောင်ကြသည်။ ယခုနှောက်ပို်င်းတွင်မှု စစ်တွေသို့ဝင်ရောက်ခြင်း မရှိတော့ဘဲ လမ်းခရီးမှတစ်ဆင့် နယ်စပ်သို့ တိုက်ရိုက် တင်ပို့လာကြောင်း သိလာရသည်။

စိတ်ကြွဆေးပြားအား ဖမ်းဆီးမှုရရှိသည့် မြို့နယ်များအဖြစ် ရခိုင်ဒေသတွင် မြို့နယ်ငါးမြို့နယ်ခန့် ရှိပြီဖြစ်ကြောင်း ဦးရီထွန်းသန်း၏ ပြော ပြချက်အရ သိရသည်။ ယင်းဆေးဝါးများသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ကြကြောင်း သိရှိရသည်။ ၂၀၁၃ ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော UNODC ၏ အစီရင်ခံစာအရ ၂၀၁၃ နှစ်တွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်း ၃ ရာခိုင်နူန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။ ၎င်းအပြင် ကမ္ဘာပေါ်တွင် အဖီတမင်း စိတ်ကြွရှုးသွပ်ဆေးပြား (Amphetamine-Type Stimulants-Ats) ထုတ်လုပ်ပေးသည့် အဓိက ပင်ရင်းနိုင်ငံဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် ရခိုင်ဒေသတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိလာမှုသည် လွန်ခဲ့သည် လေးနှစ်ထက် ၂၀၁၄ ခုနှစ်တွင် ပိုမိုဖမ်းဆီးရကြောင်း စစ်တွေမှုးယစ်တပ်ဖွဲ့ ၄၇ ၏ မှတ်တမ်းများအရ သိရသည်။ ယင်းမှတ်တမ်းတွင် ၂၀၁၀ နှစ်တွင် (၂၁) မှု၊ ၂၀၁၁ တွင်   (၁၈) မှု၊ ၂၀၁၂ တွင်  (၁၈) မှု၊ ၂၀၁၃ တွင် (၄၉) မှုအထိ ပိုမိုမြင့်တက်လာပြီး ၂၀၁၄ တွင် ၅၈ မှုခန့် ဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။  စိတ်ကြွဆေးပြားဖမ်းဆီးမှု များလာခြင်းသည် ရောင်းဝယ်သုံးစွဲမှု ပိုမိုများလာသည်ထက် ရှာဖွေတွေ့ရှိမှု ပိုမိုများလာ၍ ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်ဟု စစ်တွေမူးယစ် ရဲတပ်ဖွဲ့စုမှူးက ဆိုသည်။

ဖမ်းဆီးမူအများစုမှာလည်း အကြီးစား အရောင်းအဝယ်လုပ်သော ဒိုင်ကြီးများကို ရရှိမှုနည်းပါးသည်ကို ရခိုင်ဒေသရှိ မူးယစ်ဆေးဝါး ဖမ်းဆီးမှု သတင်းများ အရသိရှိရသည်။  သက်သေခံပစ္စည်းများမှာလည်း အရေတွက်နည်းပါးကြပြီး၊ ဖမ်းဆီးခံရသူ အများစုမှာလည်း ငွေကြေးပိုင်ဆိုင်မှုများ နည်းပါးကြောင်း မြင်တွေ့ရသည်။ ဖမ်းဆီးရမိသူအများစုမှာလည်း သုံးစွဲသူအချို့နှင့် သယ်ယူသူ၊ တဆင့်ခံ သုံးစွဲရန် ရောင်းချသူများသာ ဖြစ်သည်၊။ ယင်းအချက်များကြောင့်ပင် ဒေသခံရခိုင်ပြည်သူများက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သယ်ယူမူများတွင် ဌာနဆိုင်ရာ အမတ်များနှင့် ရဲတပ်ဖွဲ့ဝင်များပါ ပတ်သတ်ကြောင်း ထင်မြင်ကြသည်။

၂၀၁၃ ခုနှစ်ကာလက မူးယစ်အမှုတစ်ခုတွင်လည်း ရဲဝန်ထမ်းတချို့က ဖမ်းဆီးရရှိသည့် ပစ္စည်းအပေါ် အမှောင်ချမှုကြောင့် ရာထူးမှဖြုတ်ကာ တရားဥပေဒေအရ အပြစ်ပေးခြင်းကိုပါ ခံရကြောင်းသိရသည်။ ဦးရီထွန်းသန်းကမှု သူ၏ သိရှိချက်တစ်ခုကို ပြောပြသည်။ မောင်တောဒေသတွင် မူးယစ်ဆေးဝါးရောင်းဝါး ဖောက်ကားသူ တစ်ဦးသည် ယင်းဒေသရှိ အာဏာပိုင်များနှင့်ပူးပေါင်းကာ  အခွင့်ရေးယူနေပြီး နှောက်ဆုံးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူမှန်းသိ၍ ဖမ်းဆီးရရှိမိကြောင်းဆိုသည်။ ယင်းအပြင် တစ်ခါတစ်ရံ သာသနာ့ဘောင် အကြောင်းပြကာ ရောင်းဝယ်ဖောက်ကားသူအချို့ ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ဦးရီထွန်းသန်း၏ ပြောပြချက်အရ သိရသည်။

အမှန်တကယ်တွင်မှု ဒိုင်ကြီးများကို ဖမ်းမိဖို့ရန်မှာ ခက်ခဲသည့် ကိစ္စတစ်ခုဖြစ်ကြောင်း  မူးယစ်ရဲအများစုက သုံးသပ်ကြသည်။ ထုတ်လုပ်သူ၊ ရောင်းဝယ်သူနှင့် ဆေးဝါးသယ်ဆောင်သူတို့ကြားတွင် အချိတ်အဆက်များကို ဒိုင်ကြီးများက ဖြတ်ထားသောကြောင့် အလွန်ဆုံး ကွင်းဆက်လိုက်နိုင်လျှင် နှစ်ဆလောက်ပဲလိုက်နိုင်ကြသည်ဟု ဆိုကြသည်။ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါးဒိုင်တစ်ဦး ဆိုလျှင် လုပ်ငန်းအတုများကို အယောင်ပြထားပြီး ငွေမည်း အား ငွေဖြူအဖြစ် အသွင်ပြောင်းရန် ဖွင့်လှစ်ထားသည်။ မူးယစ်ရဲတပ်ဖွဲ့များ၏ စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိမှသာ ၎င်း၏ စီးပွားရေး ရင်းမြစ်ကို သိရှိခဲ့ရ သည်ဟု စစ်တွေမြို့ရှိ ကုန်သည်တစ်ဦး ဖြစ်သူ ဦးညီညီက ဆိုသည်။

“လုံးဝကိုမထင်ထားခဲ့တာပေါ့ နောက်မှသတင်းကြားတော့ အဖြစ်မှန်ကို သိရှိခဲ့ရတာပါ၊ ရခိုင်ဒေသမှာ ဒီလိုအသွင်ပြ လုပ်ကိုင်နေတဲ့သူ တွေကြောင့် အမှန်တကယ် လုပ်ကိုင်နေတဲ့သူတွေ နစ်နာတာပေါ့”

ရခိုင်ဒေသတွင် လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးလုပ်ကိုင်သူတစ်ချို့၏ အခက်ခဲကို  ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။

စိတ်ကြွဆေးပြားများအား ရောင်းဝယ်သူများရှိနေသော်လည်း၊ စိတ်ကြွဆေးပြားများ အသုံးပြုရန် ဝန်ဆောင်မူပေးသည့် လုပ်ငန်းများသည် တခြားတိုင်းနှင့် ပြည်နယ်ရှိမြို့ကြီးများလိုပင် ရခိုင်ပြည်နယ်တွင် မဖြစ်ထွန်းသေးချေ။ သို့သော်မူးယစ်ဆေးများ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ပုံစံမျိုးစုံဖြင့် တင်ပို့နေကြပြီး မကြာသေးမီကလည်း မူးယစ်ဆေးသယ်ယူသူတစ်ဦးနှင့် နယ်စပ်လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အပြန် အလှန်ပစ်ခတ်မူများ ဖြစ်ပွားခဲ့ကြသေးသည်။ မူးယစ်ဆေးဝါးလုပ်ကိုင်သူများတွင် တရားမဝင်လက်နက်ကိုင်ဆောင်မူများ ရှိနေပြီလား ဆိုသည်ကို ဖော်ထုတ်ရန် လိုလာပြီဖြစ်သည်။

ရခိုင်ပြည်နယ်မူးယစ်ဆေးဝါးနယ်ပယ်တွင် စိတ်ကြွဆေးပြားအပြင် နောက်ထပ် ရှိနေသည်မှာလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေရှ်ဘက် မှဝင်သည့် မူးယစ်ဆေးများရှိနေကြာင်း သိရသည်။ ၎င်းတို့မှာ ဆေးခြောက်၊ မှော်ဖိန်း၊ ဒိုင်ယာစီပင် တို့ဖြစ်ကြပြီး စစ်တွေမှတဆင့် မြန်မာပြည် အတွင်းထဲသို့တင်ပို့နေကြောင်း မူးယစ်တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

“ဆေးခြောက်တွေလည်း ဝင်တယ်၊ ဘူးသီးတောင် မောင်တောဘက်က ပတ်ဝင်သလို၊ စစ်တွေ သဲချောင်း ဒုက္ခသည်စခန်းဘက်ကလည်း ပတ်ဝင်ပါတယ်”

ဆေးခြောက်သုံးစွဲမူမှာ ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူလောက၌ ယခင်ကတည်းက သုံးစွဲမှုများ ရှိခဲ့သော်လည်း ရောင်းချသူများမှာ စိတ်ကြွဆေးပြားရောင်းဝယ်သူများကဲ့သို့ ရုတ်တရက် ငွေကြေးချမ်းသာ သွားမူမရှိချေ။

ဆေးခြောက်ဖမ်းဆီးရရှိမှုမှာလည်း ၂၀၁၀ ခုနှစ်တွင် (၂၁) မှု၊ ၂၀၁၁ ခုနှစ်တွင် (၂၂)မှု၊ ၂၀၁၂ တွင် (၄)မှု၊ ၂၀၁၃ ခုနှစ်တွင် ၈ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၂ မှုခန့်သာရှိတော့ကြောင်း တွေ့ရသည်။ ၂၀၁၂ ခုနှစ်တွင် စိတ်ကြွဆေးပြားနှင့်ဆေးခြောက်ဖမ်းဆီး ရရှိမှုနည်းပါးခြင်းသည် နယ်မြေမငြိမ်သက်မူနှင့်ပဋိက္ခကြောင့်ဟု ယူဆရလျှင် ဖြစ်နိုင်ခြေရှိပေသည်။

ဤသို့မူးယစ်ဆေးဝါးများအား နယ်စပ်ဖြတ်ကျော်တင်ပို့ရောင်းချမူများ ရှိနေသော ရခိိုင်ဒေသတွင် မူးယစ်ရဲတပ်ဖွဲ့ဌာန ထားရှိခြင်းသည် တခြားပြည်နယ်များနှင့်နှိုင်းယဉ်လျှင် နည်းပါးနေသည်။ မူးယစ်တပ်ဖွဲ့စု သုံးစုရှိပြီး ကျောက်ဖြူ၊ စစ်တွေ၊ မောင်တောတို့တွင် အခြေစိုက်ကြောင်းသိရှိရသည်။

ရခိုင်ဒေသတွင် မူးယစ်ဆေးသုံးစွဲမှုကို ခွဲခြားသိရှိစေရန် စစ်တမ်းကောက်ရန်မှာ ခဲယဉ်းနေပြီး အများစုမှာ ဆေးခြောက်၊ မော်ဖိန်း၊ စိတ်ကြွ ဆေးပြားတို့ကို သုံးစွဲကြသည်။ မူးယစ်ဆေးဝါး သုံးစွဲသူများမှာမူ ပိုမိုများပြား မြင်တွေ့ရနိုင်ခြေရှိလာသည်။ အမည်မဖော်လိုသူ မူးယစ်ရောင်းဝယ်သူလောကသားတစ်ဦး၏ တစ်ဆင့်စကားအရ စိတ်ကြွဆေးများသည် ရောင်းဝယ်သူများပြားလာခြင်းနှင့်တစ်ဖက်မှ ဝယ်လက်၏ စျေးပေးနည်းမူ သို့မဟုတ် နယ်စပ်တင်ပို့ရန်ခဲယဉ်းလာသောကြောင်း ပြည်တွင်းတွင် အနည်းငယ် ရောင်းချရသည်ဟု ဆိုသည်။

မူးယစ်ဆေးများ ရောင်းဝယ်ချရာ၌ တစ်ဖက်မှဝယ်လက်များထဲတွင် ဘင်္ဂလီများက ရောင်းချမူများတိုင်းတွင်ပါဝင်နေပြီး ဖမ်းဆီးခံရမူများ တွင်လည်း မောင်တော၊ ဘူးသီးတောင်ဒေသများတွင် ဘင်္ဂလီများသာ ဖြစ်နေကြောင်း မူခင်းသတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။

ရဲအုပ် ဦးရီထွန်းသန်းကမှု ”နယ်မြေကျွမ်းကျင်တဲ့သူတွေက ဦးဆောင်တာကြောင့် ဖြစ်နိုင်မယ်ထင်ပါတယ်၊ သယ်ယူတဲ့ဟာကို ကျွမ်းကျင်တဲ့ သူက သယ်ယူပြီးလုပ်ဆောင်ကြတာပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု သုံးသပ်သည်။

မူးယစ်ဆေးပြားစိတ်ကြွဆေးသုံးစွဲမူသည် ရခိုင်ပြည်နယ်တွင် မြို့ရွာများတွင် သုံးစွဲမူရှိနေပြီး ကျေးရွာများဆီသို့ ပျံနှံလာပါက စိုးရိမ်ရနိုင် သည့် အခြေနေတွင်ရှိနေသည်။

မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားများ လုပ်ကိုင်သည် နယ်ပယ်များကို ရေသောက်မြစ်ပြတ်အောင် ဖော်ထုတ်နိုင်ရန် လိုလာပေသည်။

မြန်မာနိုင်ငံတွင် အဘက်ဘက်က နိမ့်ကျ၍ ဒုတိယ အဆင့်မှ တတိယ အဆင့်သို့တက်လှမ်းနိုင်ခါစ ရှိသော ရခိုင်ပြည်နယ်၏ စီးပွားရေတွင် မြင်နိုင်ရန်ခဲယဉ်းသော မူးယစ်အကြောင်းပြု၊ ငွေမည်းများ စီးဆင်းကာ အရိုးခံစီးပွားရေးသမားများ ကြားတွင် ဟန်ပြလုပ်ငန်းများသည် ငွေကြေးဖောင်းပွအောင် ဖန်တီးပြုလုပ်နေအုံးမည်သာ ဖြစ်ပေသည်။

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...