ဖမ်းဆီးရမိသော သစ်ခွဲသားများကို တိုင်းထွာစစ်ဆေးခဲ့ရာ မာမက်ဂျီယာ၊ မောင်းနှင်လာသော စက်လှေပေါ်မှ ကညင်သစ် (၁၂၇)ချောင်း၊ ငါးရန့်ချောင်း၊ ဟူဆောင်းရှော်ရိဖ် နှင့် ဇာတတ်ဟူဆောင်းတို့ မောင်းနှင်လာသော စက်လှေပေါ်မှ ကညင်သစ်ခွဲသား (၁၃၅)ချောင်း၊ အီဆု နှင့် မာမက်အီဆုတို့ မောင်းနှင်လာသော စက်လှေပေါ်မှ ကညင်သစ်ခွဲသား(၁၃၆)ချောင်း၊ စုစုပေါင်း ကညင်သစ်ခွဲသား (၃၉၈) ချောင်း၊ တန်ချိန် (၁၈.၆၈)တန်ဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် သယ်ဆောင်လာသူ(၅)ဦးတို့အား ဘူးသီးတောင် မြို့မရဲစခန်းမှ (ပ) ၂၅/၂ဝ၁၅၊ (ပ)၂၆/၂ဝ၁၅နှင့် (ပ) ၂၇/ ၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့် ၁၆.၅.၂ဝ၁၅နေ့တွင် အမှုဖွင့် အရေးယူ ထားသည်ဟု အမှုစစ်အရာရှိထံမှ သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ပုဒ်မ(၁၄၄)အရ ည(၁၂းဝဝ)နာရီမှ နံနက်(၅းဝဝ)နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ယခုသယ်ဆောင်လာသော သစ်များသည် ကန့်သတ်ချိန်အတွင်း မြို့တွင်းမှ ဖြတ်ကာ တိတ်တဆိတ် သယ်ဆောင်မည့် အခြေအနေဖြစ်နေကြောင်း စောင့်ကြည့်နေသူများက ဆိုသည်။
စျေးကွက်တွင် သစ်ရိုင်းတစ်တန်လျှင် ၅၅ဝဝဝဝကျပ် မှ ၆၅ဝဝဝဝကျပ် ထိရှိပြီး၊ သစ်မာ၊ သစ်ကောင်း တစ်တန်လျှင် ကျပ်၈ဝဝဝဝဝ မှ ၁၂ဝဝဝဝဝ ကျော်အထိ ကျော်အထိပေါက်စျေးရှိသည်။ ဖမ်းဆီးရမိသော ကညင်သစ်များသည် သစ်မာစာရင်းဝင် သစ်မျိုးဖြစ်ပြီး ကန့်သတ်ထားသော သစ်မျိုးလည်းဖြစ်သည်။
ဘူးသီးတောင်မြို့နယ်အတွင်းတွင် စိုင်းတင်တောင်တန်းကြိုးဝိုင်းနှင့် မေယုကြိုးဝိုင်းတို့ရှိသည်။ ယခင်က စိုင်းတင်တောင်တန်းမှ သစ်ထုတ်လုပ်မှုများစွာမရှိခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်လာခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းတို့ကြောင့် သစ်ထုတ်ယူမှု များပြားလာနေသည်။ သို့ရာတွင် မည်သူ့ကိုမျှ သစ်ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။
ရာသီဥတုပြောင်းလဲလာမှုနှင့် အတိုင်းအဆမရှိ သစ်၊ ဝါးထုတ်လုပ်မှုများကြောင့် သစ်တောပြုန်းတီးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေသဖြင့် ထိရောက်စွာတားဆီးစေလိုကြောင်း ဒေသခံများက ပြောကြားသော်လည်း ဘူးသီးတောင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့တစ်ဦးတစ်ယောက်မျှ မရှိပေ။





