ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့ စိတ်ဓါတ်တူညီကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရှေ့နေ ဦးကိုနီနဲ့ ဦးနေဝင်းတို့ စိတ်ဓါတ်တူညီကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
by -
မဇ္ဈိမ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်းတို့သည် ကိုးကွယ်သည့် ဘာသာ ၊ အတတ်ပညာ မတူညီပေမယ့် စိတ်ဓါတ်တူညီသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ဦးကိုနီရဲ့အတန်းပညာအရည်အချင်းနဲ့ ဦးနေဝင်းရဲ့အတန်းပညာအရည်အချင်းက ကွာပါတယ်။ ဒါပေမယ့် စိတ်ဓါတ်က မကွာဘူးဆိုတာတော့ မြင်ရတယ်။ ဦးကိုနီကိုးကွယ်တဲ့ ဘာသာနဲ့ ဦးနေဝင်းကိုးကွယ်တဲ့ဘာသာ ကွာပါတယ်။ သို့သော်လည်း စိတ်ဓါတ်တွေက မကွာဘူးဆိုတာမြင်ရပါတယ်" ဟု ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းဦးနေဝင်းတို့အတွက် ၁ လ ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ယနေ့ တစုံတစ်ရာ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD နာယက သူရဦးတင်ဦး၊ ဗဟိုကော်မတီဝင်များ အဖြစ် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း စသည့် ထိပ်ပိုင်းခေါင်းဆောင်များအပြင် တရားလွှတ်တော်ရှေ့နေဦးကိုနီ နှင့် ဦးနေဝင်းတို့၏ မိသားစုများ တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန် လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းမှာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် လုပ်ကြံခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

 ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ သည့် Senior Leadership Program လေ့လာရေးခရီးစဉ်သို့သွားရောက်ခဲ့ပြီးအပြန် ဇန်နဝါရီလ ၂၉ ရက် ညနေ ပိုင်းတွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...