အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ အစုအဖွဲ့တွေ သတ္တိရှိရှိနဲ့ လက်မှတ်ထိုးလိုက်ပါလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ အစုအဖွဲ့တွေ သတ္တိရှိရှိနဲ့ လက်မှတ်ထိုးလိုက်ပါလို့ ဒေါ်အောင်ဆန်းစုကြည် ပြော
by -
မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
 တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)ကို လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအစုအဖွဲ့များအနေဖြင့် သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လက်မှတ်ရေးထိုးလိုက်ပါဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျွန်မတို့ရဲ့ ၂၁ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်ကွင်းတွင် ပြုလုပ်သော နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်း အေးချမ်းကြမလဲ။ ဘယ်လောက် ကျေးဇူးတင်ကြမလဲ။ ဘယ်လောက် ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် “ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ၊ ကိုယ့်ရဲ့စွမ်းအင်ကို ယုံကြည်ပါ။ ကျွန်မတို့ကို ယုံကြည်ဖို့ မပြောပါဘူး။ ကိုယ့်ရဲ့ စွမ်းအင်နဲ့ ကိုယ့်ရဲ့ထက်မြက်မှုနဲ့ ပြည်သူလူထုရဲ့ထောက်ခံမှုကို ရယူပြီးတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပြုစုပျိုးထောင်ကြပါ” ဟုလည်း ဒေါ်အောင််ဆန်းစုကြည်က ပြောသည်။

ယနေ့ပြုလုပ်သည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မိသားစုဝင်များလည်း တက်ရောက်ကြပြီး အဆိုပါ မိသားစုဝင်အချို့ကို မဇ္ဈိမက လိုက်လံမေးမြန်းရာတွင်လည်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားလျက်ရှိပြီိး အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးအတွက် ၂၁ပင်လုံကို ဦးတည်ပြီး လုပ်နေတယ်။ အောင်မြင်ဖို့အတွက်လည်း အဖွား ဆုတောင်းပါတယ်” ဟု ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ သမီးဖြစ်သူ စဝ်ဟေမာသိုက်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပင်လုံကျောက်တိုင်အနီးရှိ ညောင်ပင်အောက်တွင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့သေးသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပင်လုံမြို့မှတဆင့် တောင်ကြီးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက လွတ်လပ်ရေးကို တောင်တန်း/ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် "ပြည်မတောင်တန်းပူးပေါင်းရေး ပင်လုံစာချုပ်ကျောက်တိုင်" ကို စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...