ရာဇသတ်ကြီးဥပဒေ(Penal Code)သည် အင်္ဂလိပ်ဘာသာ ပြန်ဌာန်းချက်ဖြင့် အတည်ပြုထားသည့် ဥပဒေဖြစ်သည့်အတွက် ပြင်ဆင်လိုသည့် ပြဌာန်းချက်စကားရပ်များကို အင်္ဂလိပ်ဘာသာဖြင့်သာ ဖော်ပြပြီး တင်သွင်းရမည်ဖြစ်သော်လည်း အဆိုရှင် ဒေါ်ခင်စောဝေက ပြင်ဆင်ချက်ကို မြန်မာဘာသာဖြင့် ဖော်ပြထားသည့်အတွက် ဆက်လက်ဆွေးနွေးရန်မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဆိုရှင်ဖြစ်သူ ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ရာဇသတ်ကြီးဥပဒေ ဥပဒေပုဒ်မ ၃၇၆ပါ ပြဌာန်းချက်တွင် “မည်သူမဆို အသက်(၁၆)နှစ်အောက် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်။ မည်သူမဆို လူနှစ်ဦးနှင့်အထက် ဝိုင်းဖွဲ့၍ အသက်(၁၆)နှစ်အောက်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုကျူူးလွန်လျှင် သေဒဏ်ချမှတ်ရမည်” ဟူသော စကားရပ်များနှင့် အစားထိုးရမည်ဟု လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖြစ်သူ တရားသူကြီး ဦးမြသိန်းက ရာဇသတ်ကြီးဥပဒေကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ကျော်က အင်္ဂလိပ်လို ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်လိုသည့် ပြဌာန်းချက် စကားရပ်များကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး ပြင်ဆင်ရကြောင်း လွှတ်တော်တွင် သဘောထားမှတ်ချက်ပေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒေါ်ခင်စောဝေတင်သွင်းသော ပြင်ဆင်ချက်အဆိုသည် မြန်မာဘာသာဖြင့် ရေးသားထားသည့်အတွက် မူရင်း အင်္ဂလိပ်ဘာသာပြဌာန်းချက်တွင် ထည့်သွင်းပြင်ဆင်ရန် နည်းလမ်းမမှန်သည့်အတွက် နည်းလမ်းတကျ ပြင်ဆင်ပြီးမှ တင်သွင်းသင့်ကြောင်း လွှတ်တော်၏ သဘောထားရယူခဲ့ရာ ဒေါ်ခင်စောဝေ၏ အဆိုကို ဆက်လက်ဆွေးနွေးရန်မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် အဆိုရှင် ဒေါ်ခင်စောဝေက “ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြောသွားတာ နည်းလမ်းကျပါတယ်။ အန်တီကိုယ်တိုင်လည်း ဥပဒေသမားမဟုတ်ဘူးလေ။ ဒါပေမယ့် အန်တီ ထပ်ပြီး ကြိုးစားပါဦးမယ်။ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့လည်း တိုင်ပင်ပြီး အင်္ဂလိပ်ဗားရှင်းနဲ့ ဒီလွှတ်တော်မှာ ထပ်ပြီး တင်ပါဦးမယ်” ဟု မီဒီယာများကို ပြောသည်။
လက်ရှိပြဌာန်းထားသည့် ရာဇသတ်ကြီးဥပဒေ ဥပဒေပုဒ်မ ၃၇၆တွင် “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ ပြဌာန်းထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာနမှ စုံစမ်းသိရှိချက်အရ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ နိုင်ငံအဝှမ်းတွင် မုဒိမ်းမှုပေါင်း ရ၆၀ဖြစ်ပွားခဲ့သည့်အနက် အမှုပေါင်း ၂၃၀မှာ သက်ငယ်မုဒိမ်းမှု ဖြစ်နေသည်ဟု ဒေါ်ခင်စောဝေက လွှတ်တော်တွင် ထည့်သွင်းပြောဆိုသွားသည်။







